
နေပြည်တော် ဖေဖော်ဝါရီ ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ ရန်အောင်မြင် အမျိုးသားဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင် များသည် လူသားနှင့် သက်ရှိများအားလုံးအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက် ရှိပြီး နောင်အနာဂတ် မျိုးဆက်များအတွက်ပါ လက်ဆင့်ကမ်း အမွေပေးနိုင်ရေးအတွက် ထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ရန်အတွက် သစ်တောပညာရှင် များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် အဆင့် သစ်တောပညာသင်ကြားမှုကို ၁၉၂၃ ခုနှစ် တွင် စတင်ခဲ့ရာ ယခု နှစ် (၁၀၀) ပြည့်ပြီဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အထိ အရည်အချင်း ပြည့်မီသော သစ်တောသိပ္ပံ ဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့ရရှိခဲ့သူ များစွာရှိကြောင်း၊ အစဉ်အလာကြီးမား ခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည် ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ် တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိအောင် ဆရာ ဆရာမများ၏ ဆုံးမစကားကို နာယူ၍ ကြိုးစားအားထုတ်စေလို ကြောင်း၊ ဆရာ ဆရာမများကလည်း ကျောင်းသား ကျောင်းသူများအပေါ် သားသမီးသဖွယ် ကြည့်ရှု စောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် ညစာအတူ တကွ သုံးဆောင်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၆၇ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်