သဘာဝလင်းနို့ဂူနှင့် လင်းနို့များကို ထိန်းသိမ်းရေးအတွက် မေတ္တာရပ်ခံ ဆိုင်းဘုတ်စိုက်ထူ

 

အင်းတော်  ဒီဇင်ဘာ  ၁


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပိန္နဲပင်ကျေးရွာမှ ကျောက်မဲ တောင် သဘာဝလင်းနို့ဂူကို ထိန်းသိမ်းရန်နှင့် လင်းနို့များ ဖျက်ဆီးခြင်း၊ ဖမ်းယူသတ်ဖြတ်ခြင်း၊  ညှဉ်းဆဲခြင်း    မပြုလုပ်ကြပါရန်  မေတ္တာရပ်ခံ ဆိုင်းဘုတ်ကို တံခွန်တိုင်ဆရာတော် ဦးတိလောကဦးစီး၍    နိုဝင်ဘာ ၂၈ ရက်က စိုက်ထူခဲ့သည်။  ဂေဟစနစ်ကို  အထောက်အကူပြုသည့် လင်းနို့များကို ဝိုင်းဝန်းထိန်းသိမ်းရေးအတွက် ဆိုင်းဘုတ်စိုက်ထူခြင်း ဖြစ်သည်။

 


လင်းနို့ဂူဝန်းကျင်တွင်  သဘာဝတောအတွင်းရှိ  သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများရှိရာ နို့တိုက်သတ္တဝါများဖြစ်သော လင်းနို့၊ ချေ၊ ဆတ်၊ တောဝက်၊ ရှူးပျံ၊ မျောက်စပ်၊ ရှဉ့်မြီးနီ၊ ရှဉ့်ငပေါ၊ ရှဉ့်မွဲ၊ လင်းဝက်၊ တောကြောင်များ၊ တွားသွားသတ္တဝါဖြစ်သော စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းဇောင်းမြွေများ၊ မြွေစိမ်းနှင့် အခြားမြွေမျိုးစိတ်များ၊လိပ်ပုတ်၊ ကုန်းလိပ်၊ စင်းချောလိပ်၊ ဖွတ်၊ ပဒတ်များ၊ ငှက်မျိုးများဖြစ်သော အောက်ချင်း၊  အောင်လောင်၊  သစ်တောက်ငှက်၊  လင်းယုန်၊  ဘုတ်၊ ဝါးယောင်းငှက်၊ သိမ်းငှက်၊ သပိတ်လွယ်ငှက်၊ တောကြက်များ နေထိုင် ကျက်စားကြပြီး  ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ရာ၊ တောသရက်၊ ထောက်ကြံ့၊ ယမနေ၊ သပြေနှင့် အခြားသစ်ပင်မျိုးစုံ၊ တင်းဝါး၊ သိုက်ဝါး၊ ကြသောင်းဝါးပင်များ ပေါက်ရောက်ကြောင်း သိရသည်။

 


လင်းနို့များ အစာရှာချိန်တွင် အုပ်စုဖွဲ့  ပျံသန်းထွက်ခွာမှုများကို တွေ့မြင်နိုင်သည်။ “လင်းနို့အကောင်ရေ အတိအကျမပြောနိုင်ဘူး။ အကောင်ရေတော့ ထောင်ချီလောက်ရှိမယ်။ သဘာဝတောတောင်အလှ နဲ့ လင်းနို့တွေကို     လာရောက်ကြည့်နိုင်ပါတယ်”ဟု     တံခွန်တိုင် ဆရာတော်က  မိန့်ကြားသည်။ 

 


အဆိုပါ လင်းနို့ဂူနှင့် လင်းနို့များကို လာရောက်ကြည့်ရှုလိုသူများ သွားလာမှု    အဆင်ပြေစေရန်အတွက်   တောင်တက်လမ်းများကို ဆိုင်ကယ်ဖြင့် တက်ရောက်နိုင်အောင် လူအားနှင့် စက်ယန္တရားများသုံး၍ ဖောက်လုပ်ရန်လည်း တံခွန်တိုင်ဆရာတော် ဦးတိလောက၊  ပိန္နဲပင် ကျေးရွာဆရာတော်  ဦးဇဝနနှင့်   ဒေသခံများက   ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။                                          

ငွေအိုး(ကသာ)