
သာယာဝတီ ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်မှုလယ်ယာဦးစီးဌာနမှ ကောက် စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးမှု များပြားလာ ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ နွေစပါး စိုက်ဧက ၁၀၀ ကျော်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များ၌ လည်း စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးပေးခဲ့ ကြောင်း၊ တောင်သူများအနေဖြင့် နှစ်သီးမှ သုံးသီး တိုးချဲ့စိုက်ပျိုးလာခြင်း၊ ရာသီအချိန်မီ စိုက်ပျိုးထုတ် လုပ်လိုခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်း ၊ လုပ်အားခသက်သာခြင်း၊ သက်တမ်းနု ပျိုးပင်ငယ်များ စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ပင်ပွားနှုန်းကောင်းပြီး စပါး အထွက်နှုန်း ကောင်းမွန်စေခြင်း၊ ပေါင်းရှင်းရန် လွယ်ကူခြင်းနှင့် ရိတ်သိမ်းစက်များဖြင့် အလွယ်တကူ အဆင်ပြေစွာ ဝင်ရောက် ရိတ်သိမ်းနိုင်ခြင်း စသည်တို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာပြီး လာမည့်မိုးစပါးရာသီတွင် ကောက်စိုက်စက်ဖြင့် ဧကများစွာ စိုက်ပျိုးရန် တောင်သူများ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
သာယာဝတီခရိုင်အတွင်း ကောက်စိုက်စက်ဖြင့် နွေစပါး ဧက ၂၇ဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးမှူးထံမှ သိရသည်။
သန့်ဇော် (ပြန် / ဆက်)