
ရသေ့တောင် အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက် များနှင့်အညီ နိုဝင်ဘာ ၁ ရက်မှစ၍ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့အနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ် ဆရာကြီးတွေကို အသိပေးညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဆရာ ဆရာမတွေကိုလည်း မိမိတို့တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းများသို့ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား သွားရောက်ဖို့လည်း ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးနဲ့ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနဲ့အညီ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးဦးထွန်းရွှေက ပြောသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အခြေခံပညာကျောင်း ၁၉၄ကျောင်းရှိသည့်အနက် ၁၇၄ ကျောင်းတို့ကို ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၇၅၉၁ ဦးနှင့် ဆရာ ဆရာမ ၁၅၉၀ရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် အခြေခံပညာ ကျောင်းများကို ဇူလိုင် ၉ ရက်မှစ၍ ယာယီပိတ် ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာသည့်အတွက် နိုဝင်ဘာ ၁ ရက် မှစ၍ အခြခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ် မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)