ရန်ကုန်တက္ကသိုလ်နဲ့ ရေရှည်ထိန်းသိမ်းခြင်း

Type
2222

 

မိုးမိုး( ဗိသုကာ)

 

ဆရာဇော်ဂျီက တက္ကသိုလ်ဆိုတာ တက္က-ကြံစည်ခြင်းနှင့် သီလ-အလေ့အကျင့်ကို ပေါင်းစပ်ထားရာလို့ ဆိုတယ်။ ဆင်ခြင်ကြံဆလုပ်ကိုင်တဲ့ အလေ့အကျင့်ရှိတဲ့နေရာဟာ တက္ကသိုလ်ပါပဲတဲ့။တက္ကသိုလ်လို့ တရားဝင်အသိအမှတ်ပြုထားတဲ့ ပရဝဏ်တွေဆိုတိုင်း ဒီအလေ့အကျင့်ရှိပြီး ဒီအလေ့အကျင့်ကို အစဉ်တစိုက် ပျိုးထောင်တယ်လို့ မဆိုနိုင်ပေမယ့် မြန်မာပြည်မှာ ဒီအဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ တက္ကသိုလ်တွေထဲ ရန်ကုန်တက္ကသိုလ်ဟာ ထိပ်ဆုံးမှာရှိပါတယ်။ နေရာဌာန အကောင်းမွန်ဆုံး၊ နောက်ခံသမိုင်းကြောင်း အကြွယ်ဝဆုံး၊ မြောက်မြားလှစွာတဲ့ လူတွေရဲ့ဘဝတွေအပေါ် အစိုးမိုးဆုံးဖြစ်လို့ အပြည့်စုံဆုံးသော နေရာပေါ့။ အားလုံးနဲ့ဆိုင်တာမို့လို့ တင်စားခေါ်ဆိုကြတာကိုက အမိတက္ကသိုလ်တဲ့။
ဒီနှစ် ၂၀၂၀ ပြည့်နှစ်ထဲမှာ နှစ်တစ်ရာပြည့်တဲ့ ရန်ကုန်တက္ကသိုလ်ဟာ အားခဲထားသလို ခြိမ့်ခြိမ့်သဲသဲ ပွဲတွေ လောလောဆယ် မကျင်းပနိုင်ပေမယ့် ကိုယ့်နည်း ကိုယ့်ဟန်တွေနဲ့ အားလုံးက အမှတ်တရရှိကြပြီး ရာပြည့် သဘင်ကို ဂုဏ်ပြုကြတယ်။ အခုဆို မြန်မာ့ရုပ်မြင်သံကြားက ရာပြည့်ဂုဏ်ပြုတဲ့ သီချင်းတွေ၊ စကားဝိုင်းတွေလာနေ သလို ဆိုရှယ်မီဒီယာပေါ် အမှတ်တရတွေ ရေးတင်ကြ၊ သီချင်းတွေ စုစည်းထုတ်လွှင့်ကြနဲ့ ကျင်းပနေကြတယ်။ ကံ့ကော်မြေ (နှစ်တစ်ရာပြည့်တက္ကသိုလ်) ဆိုတဲ့ ဖေ့ဘုတ် စာမျက်နှာမှာဆို ဒီနယ်မြေက အစပြုတဲ့ ဆက်စပ်နေတဲ့ လူတို့ရဲ့ ဘဝတွေအကြောင်းတွေပါ လွမ်းဆွတ်သတိရ ဝေမျှနေကြတယ်။ ဆရာမျိုးမြတ်သူက ကမာရွတ် အကြောင်းတွေ ရေးတာမှာလည်း ဒီအမိတက္ကသိုလ်ကြီး တည်ရှိနေတဲ့ နယ်မြေဖြစ်လို့ သူနဲ့ ဆက်စပ်နေတဲ့ နေရာ တွေ လူတွေရဲ့ ဘဝတွေ တွဲပြီးပါနေတော့တယ်။ ရန်ကုန် တက္ကသိုလ်လို့ပြောရင် အမြဲတမ်းရတဲ့ ခံစားချက်က ဆွတ်ပျံ့မှုလို့ပြောရင် အားလုံး သဘောတူကြမှာပဲ။ လူတိုင်းရင်ထဲမှာ ဒီခံစားချက်တွေက လှုပ်ခတ်နေဆဲ။
ကိုယ်တိုင်က အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်တဲ့ အလုပ်လုပ်နေလို့ ရန်ကုန်တက္ကသိုလ်မှာ ထိန်းသိမ်း စောင့်ရှောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆက်စပ်ပါဝင်ဖြစ်ပါ တယ်။ ဒီကျောင်းထွက် မဟုတ်ပေမယ့် ထိပ်ဆုံးက ချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ ပြောရင် များသော အားဖြင့် ရှေးအဆောက်အအုံတစ်ခုခုကို ပုံမပျက် ပြင်ဆင် ထိန်းသိမ်းတာလောက်ပဲ ထင်မှတ်တတ်ကြတယ်။ ဒီထက် ပိုပါတယ်။ အတတ်ပညာပိုင်းတွေမပြောဘဲ ကိုယ်ဘာကို တန်ဖိုးထားကြမလဲဆိုတာပဲ ပြောရရင် အမွေအနှစ်ကို နေရာလို့ သတ်မှတ်တာက ပိုပြီး ခြုံငုံမိမယ်။ နေရာလို့ ပြောတော့ အဲဒီမှာ ဗိသုကာလက်ရာ အဆောက်အအုံ တစ်ခုခုရှိခဲ့ရင် အဆောက်အအုံလည်း ပါမယ်၊ သူ့ရဲ့ တည်ရာဝန်းကျင်လည်းပါမယ်၊ သူနဲ့ ဆက်စပ်တဲ့ နေရာ၊ သူ့သမိုင်းကြောင်းနဲ့ သူ့သက်ရောက်လွှမ်းခြုံမှု၊ သူက လက်ဆင့်ကမ်းတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပိုမို ကျယ်ပြန့်တာတွေပါ ပါလာမှာပါပဲ။
အရေးကြီးဆုံးက အဲဒီနေရာတစ်ခုနဲ့ ပတ်သက်လို့ လူဘယ်လောက်များများက နှစ်သက်တန်ဖိုးထား စွဲလမ်း ကြသလဲ၊ ဒီနှစ်သက်စွဲလမ်းမှုကို ဘယ်လို အစဉ်တစိုက် ဖော်ပြနေကြသလဲ။ ထိန်းသိမ်းမယ်ဆိုရင် အဲဒီအခြေအနေ တွေကို ခံစားပြီး သူ့ဝိသေသတွေကို ထိန်းသိမ်းမှ ထိန်းသိမ်းရာ ရောက်ပါတယ်။ အဆောက်အအုံဟောင်း တစ်ခုကို ဆေးသုတ်တောင့်တင်းခိုင်မာအောင် သစ်လွင် အောင်လုပ်ရုံဟာ ထိန်းသိမ်းရာ မမည်ပါ။ ကိုယ်တိုင်ရဲ့ ခံစားမှုနဲ့ပြောရရင် သစ်လွင်တောင့်တင်းတာထက် ကာလတိုက်စားတဲ့ ဒဏ်ရာတွေနဲ့ နွမ်းလျလျရှိတာက ရင့်ကျက်ခြင်းသဘောကို ပိုဆောင် ပိုဆွဲဆောင်မှုရှိ တယ်လို့ မြင်တယ်။ ရန်ကုန်တက္ကသိုလ်ဟာ ဗိသုကာ လက်ရာကောင်းတွေနဲ့ ရှိနေပြီးနိုင်ငံနဲ့ချီတဲ့ သမိုင်း ကြောင်းနဲ့ပါ ပြည့်စုံနေပြီးသားမို့ ဗိသုကာဆိုင်ရာ သမိုင်း ဆိုင်ရာ ဝိသေသတွေ အထပ်ထပ်နဲ့ အဖိုးတန်နေရာဆိုတာ လူတိုင်းလက်ခံပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ထပ်မမွမ်း တော့ဘဲ ရေရှည်ထိန်းသိမ်းဖို့ ဘာလုပ်မလဲ၊ ဘယ်လိုနည်း ထိန်းမလဲ၊ ဘာလုပ်ပြီး ဘာမလုပ်ရဘူးလဲဆိုရင် အောက် က အချက်တွေဟာ ထည့်စဉ်းစားရမယ့် အချက်တွေပါ။
(၁) ဝန်းကျင်အာဝါသ
ဒါက တစ်ခုလုံးကို ခြုံငုံစဉ်းစားတာပါ၊ နေရာတစ်ခုကို ထိန်းသိမ်းရင် သူ့အာဝါသကိုပါ ထည့်စဉ်းစားမှ၊ သူက ဘာတွေနဲ့ ဖွဲ့စည်းတယ်၊ ဘာကြောင့် အမှတ်ရစွဲထင်တဲ့ နေရာ ဖြစ်စေတယ်၊ ဘာကို အမှတ်ရကြတယ်ဆိုတာကို ထည့်စဉ်းစားမှ။ ခေတ်အဆက်ဆက်ကို သူဘယ်လိုဖြတ်လာ လဲ၊ ဩဇာဘယ်လိုကြီးခဲ့သလဲ၊ သူရွှေရောင်လွှမ်းခဲ့တဲ့ အချိန် တွေမှာ သူ့ရဲ့ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုအရေး ပါခဲ့လဲဆိုတာကို မှတ်တမ်းပြု ချန်ခဲ့နိုင်ပါမှ ထိန်းရာမှာ ဆုံးဖြတ်ချက်မှန်ပြီး လုပ်နည်းမှန်မယ်။ ကိုယ်ကိုယ်တိုင် လည်း မကြာမတင်က သီရိဆောင်ဝင်းထဲ စဝင်ဖူးခဲ့မိတဲ့ အချိန်လေးထဲမှာတင် ဒီအဆောင်အကြောင်း သိထားသမျှ၊ ရေးဖွဲ့ခဲ့တာ ဖတ်ရသမျှတွေ ခေါင်းထဲဝင်လာပြီး သူ့အရှိန် အဝါကို ထိခိုက်ခံစားရတယ်။ ဒီပတ်ဝန်းကျင် ဒီနေရာဟာ လူငယ်ဘယ်နှယောက်လောက်နဲ့များ ပတ်သက်ဆက်နွှယ် ခဲ့ပါလိမ့်မလဲ။ ဝင်းဝအုတ်ခုံမှာ ဘယ်သူတွေ စောင့်ခဲ့ပြီး ဒီအဝင်လမ်းပေါ် ဘယ်သူတွေ ရပ်စကားပြောခဲ့လေမလဲ။ ဒီဧည့်ခန်းထောင့်မှာ ဘယ်သူတွေ ထိုင်ခဲ့ဖူးပြီး ဒီအိပ်ခန်း တွေထဲ ဘယ်သူတွေ ပျော်ရွှင်တက်ကြွစွာ နေထိုင်ခဲ့ဖူးသလဲ ဆိုတာတွေပါ ဆက်စပ်မိလာတယ်။ နှစ်များစွာကို နောက်ပြန်ရစ်သွားနိုင်တယ်။ တက္ကသိုလ်အာဝါသဟာ အားလုံးနဲ့ဆိုင်ပါတယ်။ ဒီလိုခံစားချက်မျိုး အဓိပတိလမ်းမ ကို ပထမဆုံးအကြိမ် လျှောက်သူဖြစ်ဖြစ်၊ အတန်ကြာပြီးမှ ပြန်လျှောက်ခဲ့သူဖြစ်ဖြစ် ပဲခူးဆောင်ရိပ်အောက် ရောက်တဲ့ အခါဖြစ်ဖြစ် ဒီအတိုင်း ခံစားမိကြမှာပါ။ တက္ကသိုလ်ရဲ့ အရှိန်က ဝင်းပြင်ပကိုပါကျော်ပြီး ကမာရွတ်လှည်းတန်း လူမှုရေး၊ စီးပွားရေးပေါ်မှာပါ သက်ရောက်နေတာမို့ နယ်မြေ ရဲ့ သက်ရောက်မှုက ပရဝဏ်ထက် ကျယ်ပါတယ်။ လှည်းတန်းလမ်းဆုံ၊ စံရိပ်ငြိမ်၊ ခြောက်မိုင်ခွဲ၊ တံတားဖြူ၊ ကန်ပေါင်၊ ဆက်စပ်နေတဲ့ အင်းလျားကန်နဲ့ဟံသာဝတီ အစ ရှိတဲ့နယ်မြေနေရာတွေထိပါ ပူးတွဲပါဝင်နေမှာ ဖြစ်ပါတယ်။
(၂) စိမ်းလန်းရေမြေ
တက္ကသိုလ်ဝန်းကျင်ဟာ စဆောက်ကတည်းက အင်းလျားကန်နဲ့ ဆက်နေတဲ့ မရမ်းတော၊ သရက်တော ကြီးတွေကို ရွေးပြီးနေရာချခဲ့တယ်လို့ ဆိုတယ်။ တက္ကသိုလ်ပရဝဏ်ဟာ အင်းလျားကန်နဲ့ အမြဲတွဲဆက် နေတယ်။ မူလအပင်ကြီးတွေသာမက ခေတ်အဆက်ဆက် စိုက်ခဲ့ကြတဲ့ အပင်အမျိုးစုံနဲ့ ရုက္ခဗေဒဥယျာဉ်တစ်ခုလို စုံလင်များပြားတယ်၊ မြကျွန်းညိုလို့ တင်စားခံရတယ်။ သူ့ပရဝဏ်ကိုယ်နှိုက်က သီးခြားဥတုရပ်ဝန်းငယ်တစ်ခု ဖန်တီးထားသလို ကျောင်းဝင်းထဲ ရောက်သွားရင် အေးမြ သွားတာပဲ။ ကံ့ကော်ပွင့်ရာ၊ စိန်ပန်းပွင့်ရာမြေလို့ ဆိုရိုးပြုရ လောက်အောင် သီးခြားစုပြီး တန်းပြီးစိုက်ခဲ့တဲ့ ပန်းပင် တွေရှိသလို စားပင် သီးပင်တွေလည်း အတော်စုံတာ တွေ့ရတယ်၊ ရန်ကုန်မှာ တွေ့ရခဲတဲ့ ဒူးရင်းပင်ကို အပွင့် တွေ ပြွတ်လျက် အင်းယားဆောင်ဝင်းထဲ တွေ့ရတာ အံ့စရာ။
အရိပ်နဲ့ အလှအပတင်မက အရောင်တွေ၊ အနံ့ တွေနဲ့ ပါ ထုံမွှမ်းစေတယ်။ သစ်ပုပ်ပင်ကြီးကတော့ တက္ကသိုလ်မြေ ရဲ့သင်္ကေတ၊ နာဂစ်မုန်တိုင်းပြီး နောက်တစ်နေ့ သစ်ပုတ် ပင်ကြီး လဲသွားလေသလားလို့ သွားကြည့်ကြသူတွေ အများကြီးပါ။ ထို့အတူ ကံ့ကော်တော၊ ရေတမာတန်း၊ စကားပင်၊ တောင်ငူဆောင်က တောင်ပိန္နဲဆိုတာ ဇာတ်လိုက်တွေပေါ့။ ဒီတော့ ထိန်းသိမ်းရင် သစ်ပင်တွေရဲ့ ကဏ္ဍ၊ သူတို့ အမျိုးစုံတာ၊ ဒေသမျိုးရင်း ဖြစ်တာ၊ သဘာဝ ကျကျ ပျိုးထောင်တောအတိုင်းထားလို့ ထိန်းသိမ်းစရိတ် သက်သာတာ၊ သစ်တောတစ်ခုလို အေးရိပ်ပေးတာတွေက အရေးပါပါတယ်။ ဒီနားလိုလို့ နည်းနည်းရှင်းလိုက်မယ် လုပ်လို့မရပါဘူး။ အေးမြတာနဲ့ တွဲရင် ပညာရှာတဲ့ရပ်ဝန်း ပီပီ ဆိတ်ငြိမ်တာပါ ရှိပြီးသားပါ။ အခုလို အနားမှာ ခုံးကျော်တံတား ကပ်ဆောက်လိုက်တယ် ဆို ဒီဂုဏ်ဒြပ် က အနည်းနဲ့အများ ထိခိုက်မှာပါပဲ။
(၃) နေရာနဲ့ ဟင်းလင်းကွက်လပ်
တက္ကသိုလ်ကိုစပြီး နေရာချ စီမံရေးဆွဲကတည်းက ဗိသုကာလက်ရာ အဆောက်အအုံတွေ မဆောက်ခင် ဘယ်လို တူရူပြုမလဲ၊ ဘာကို ဘယ်လိုချန်မလဲ နောင် ဘာဖြည့်မလဲ စဉ်းစားခဲ့ကြတယ်။ ဘယ်လို ဝင်ရိုးချပြီး ဘယ်ကဝင် ဘယ်ကို မျက်နှာမူမယ်၊ အဆောက်အအုံတွေ တင်မက သူတို့ရဲ့ အစိတ်အပိုင်းတွေ၊ သူတို့တစ်ခုနဲ့ တစ်ခု ကြားထဲ နေရာလွတ်တွေ ဘယ်လိုချန်မယ်၊ လမ်းတွေ ဘယ်လိုဆက်မယ်၊ ဘယ်နားမော်တော်ကားသွားစေပြီး ဘယ်မှာ လမ်းလျှောက်စေမယ်ဆိုတာ စနစ်တကျ ဒီဇိုင်း လုပ်ခဲ့တယ်။ ဝင်လာလိုက်တာနဲ့ မြင်ကွင်းအဆုံးမှာ ဒီလာ ရခြင်း အန္တိမပန်းတိုင်လည်းဖြစ်တဲ့ ဘွဲ့နှင်းသဘင်ကို ဦးတည်လာစေရမယ်။ အဆောင်ချင်းဆက်တဲ့ အမိုးပါ စလမ်းတောင် လူနဲ့ကျွမ်းဝင်တဲ့ စကေးအချိုးအစား ရွေးချယ်ပြီး နွေးထွေးတဲ့နေရာတွေ အနှံ့ဖန်တီးခဲ့တယ်။ ထောင့်ချိုးဆက်တွေဖြစ်သွားလို့ ပျာယိပျာယာသွားလာ တတ်သူတွေ တိုးတိုက်မိတတ်တာလည်း ရှိမပေါ့။ ကြား ကွက်လပ်တွေကို သစ်ပင်ပန်းမန်နဲ့ ဖြည့်တယ်။ သစ်ပုပ်ပင် ကြီးကတော့ မူလကတည်းကရှိတာကို ချန်ပြီး သိပ္ပံဆောင်ကို နေရာချတယ်လို့လည်း ယူဆကြတယ်။ အဆောက်အအုံတွေ မဆောက်ခင်ကတည်းက မာစတာ ပလန် လုပ်ခဲ့တယ်ဆိုတာ အထင်းသား။ ဒီတော့ အတွင်းပိုင်း ဟင်းလင်းတွေ ဖွဲ့ထားတဲ့အဆောက်အအုံနဲ့ အပြင် ဟင်းလင်းကို တွဲလျက် ဖွဲ့စည်းထားတယ်၊ အဆောင်တွေ စတစ်လျှောက် သွားရင်း အပြင်မြင်ကွင်းကို ဆက်စပ် မိစေတယ်။ အမွေအနှစ်ထိန်းသိမ်းရာမှာ integrity ဆိုတဲ့ တစ်ခုနဲ့တစ်ခု ဖွဲ့စည်းညီညွတ်နေတဲ့ မျှခြေကို မပျက်ပြား ဖို့က သိပ်အရေးကြီးပါတယ်။ ဒီကွက်လပ်လေး လွတ်နေတယ်ဆိုပြီး အသစ်တစ်ခု ဖြည့်ဆောက်ရတာမျိုး မဟုတ်ပါ။ ကာလရှည်များ ရှိခဲ့တဲ့ စာသင်ဆောင်၊ ကျောင်းသားဆောင်၊ ဆရာအိမ်၊ လူသွားလမ်း၊ ကွက်လပ် ဆိုပြီး သူ့အနိမ့်အမြင့် အတွဲလိုက် စုစည်းတည်ရှိမှုကို ကြားက လွတ်တယ်ဆို အမြင့်တစ်ခု ထည့်ဆောက်ပြီး ထိခိုက်ပစ်ရတာ မဟုတ်ပါ။
ကျောင်းသားသမဂ္ဂအဆောက်အအုံဆို သမိုင်းအရ သိပ်အရေးကြီးသလို အဆောက်အအုံမရှိတဲ့ ကွက်လပ်ကြီး ကိုက အမှတ်တရနေရာလွတ် ဖြစ်ပါတယ်၊ တစ်ခုခု ဆောက်ဖို့လိုတယ်ဆို ဘက်စုံထောင့်စုံက စဉ်းစားရပါမယ်။ ဒီဘတ်ဂျက်ရလို့ ဒီလိုဆောက်လိုက်တယ်ဆိုတာမျိုး မဖြစ် ရပါ။
ထို့အတူပဲ အဆောက်အအုံကြီးတွေလောက် အရေးကြီး တယ်မထင်ရပေမယ့် အမိုးစ၊ စစ်ကိုင်းလမ်းကအုတ်ပေါင်း မိုး၊ ရေမြောင်းကြီးတွေထောင့်နဲ့ ခြံဝတွေက အုတ်ခုံတွေ၊ ကံ့ကော်တန်း ခုံတန်းလျားကအစ အားလုံးအာရုံမှာ စွဲနေ တဲ့နေရာ သူ့သမိုင်းနဲ့သူ ရှိကြပြီးသားတွေ။ တစ်ခုခု လုပ်တော့မယ်ဆို ထည့်စဉ်းစားရမှာတွေ ဖြစ်ပါတယ်။
(၄) လူပုဂ္ဂိုလ်များနဲ့ စပ်ဆိုင်မှု
ရန်ကုန်တက္ကသိုလ်မှာ လူတွေက တော်တော်အရေး ကြီးပါတယ်၊ ရန်ကုန်တက္ကသိုလ်ဟာ စတည်ကတည်းက နယ်ချဲ့ဆန့်ကျင်ရေးနဲ့ စခဲ့ပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ခဲ့ရာ ဘူမိနက်သန်။ အဆောင်တွေကို အမည် ပေးတာကိုက စိတ်ကူးစိတ်သန်းကောင်းနဲ့ တကောင်း၊ ပြည်၊ ပုဂံကစလို့ မြန်မာပြည် တိုင်းပြည်ထူထောင်တဲ့ ခေတ်အဆက်ဆက်ကို ထင်ဟပ်ခဲ့တယ်။ ဒီလို စိတ်ကူး ကောင်းတွေကြောင့်လည်း အရှည်တည်တံ့နေတာပဲ။ ရှေ့က လမ်းဖောက်ခဲ့ကြသူတွေရဲ့ ကျေးဇူးနဲ့ သူတို့ရဲ့အရိပ်အာဝါသ တွေကိုလည်း မေ့ပစ်လို့ မရပါဘူး။ အဆက်ဆက် စီမံ အုပ်ချုပ် သင်ကြားလာခဲ့သူတွေရဲ့ ပညာဂုဏ်နဲ့ စေတနာ တွေဟာ သူတို့ချန်ရစ်တဲ့ အမွေတွေ ဒြပ်ရှိဒြပ်မဲ့ ပုံစံမျိုးစုံနဲ့ ကျန်ရှိပါတယ်။ ဒေါက်တာ သာလှလက်ထက်မှာ ကံ့ကော် တောကို စိုက်ခဲ့တယ်၊ အဆောင်တွေကို မူလ plan အတိုင်း တိုးချဲ့ခဲ့တယ်။ ဒီလိုပဲ စီမံအုပ်ချုပ်ရေး၊ ပညာရေးဘက်၊ ဘာသာရပ်ဆိုင်ရာ သုတေသနဘက်၊ စာပေအနုပညာဘက်၊ စာကြည့်တိုက်ထူထောင်တဲ့ဘက်တွေမှာ ခြေရာချန်ခဲ့ကြသူ စကော်လာတွေ အများကြီး ရှိခဲ့ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့ခေတ် ရန်ကုန်တက္ကသိုလ်အသိုင်းအဝိုင်းရဲ့ မြန်မာစာပေနဲ့ ယဉ်ကျေးမှုအပေါ် အထောက်အကူပြုခဲ့တဲ့ ကျေးဇူးတွေ ပြောမကုန်နိုင်ပါဘူး။ ရန်ကုန်တက္ကသိုလ်ဟာ မြန်မာပြည်အဝှမ်းက လူငယ်တွေကို အရောင်တင်ပေးတဲ့ နေရာဖြစ်တယ်။ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး အနုပညာ ကဏ္ဍမှာ ကျော်ကြားတဲ့သူတွေ အများကြီးထွက်တယ်။ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်ရမယ့်နေရာတွေလည်း အပြည့် မို့လို့ ထည့်သွင်းစဉ်းစားရမှာတွေ အများကြီးပါ။
တက္ကသိုလ်ပရဝဏ်ထဲ နေထိုင်ခဲ့တဲ့ ဆရာတွေ အိမ်တွေ နဲ့ ကျောင်းသား ကျောင်းသူ အဆောင်တွေ၊ တစ်ခန်းစီမှာ ပြောစရာသမိုင်းကြောင်းတွေ ရှိနေမှာပါပဲ။ ဘယ်အိမ်မှာ ဘယ်ဆရာတွေ နေခဲ့တယ်၊ ဘယ်အခန်းမှာ ဘယ်သူ ကျောင်းသားဘဝကနေခဲ့တယ်။ ဘယ်လို သမိုင်းဝင် အခမ်း အနားမျိုး ဘယ်အဆောင်မှာ ကျင်းပခဲ့တယ်ဆိုတာမျိုး၊ ဘယ်လှုပ်ရှားမှုရဲ့ အစတည်ရာက ဘယ်နေရာက စတယ် ဆိုတာမျိုး၊ ဘယ်စာအုပ်ထဲမှာတော့ ဘယ်နေရာကို ရေးခဲ့ တာဆိုတာမျိုး ပြောစရာတွေ အများကြီး ရှိခဲ့သလို ရှိနေဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း အစဉ်အလာ ကြီးတဲ့ တက္ကသိုလ်လို့ ခေါ်ကြတာပေါ့။ အိမ်လေးတစ်အိမ်၊ နှစ်အိမ်လေး ဖယ်ပြီး အဆောင်သစ်ဆောက်လိုက်ရင် ကျောင်းဆောင်တစ်ခု တိုးလာတယ်လို့ မယူဆဘဲ ဘယ်သူ နေခဲ့လို့ ဘယ်လိုတန်ဖိုးထားသင့်တယ် ဆိုတာကို နောက်ကြောင်းကြည့်ဖို့လိုပါတယ်။
(၅) သင်္ကေတများ၊ အနုပညာဖန်တီးမှုများ
ရန်ကုန်တက္ကသိုလ်ရဲ့ အစိတ်အပိုင်းတွေဟာ ပန်းချီ၊ ကဗျာ၊ ဝတ္ထု၊ ရုပ်ရှင်နဲ့ သီချင်းစာသားတွေမှာ သင်္ကေတ တွေအနေနဲ့ ပါဝင်ခဲ့တာကြာပါပြီ။ မြန်မာပြည်ထုတ် အနုပညာ ထုတ်ကုန်တွေရဲ့ မြစ်ဖျားခံရာ တစ်ခုလို့ ပြောရင် မမှားပါဘူး။ အင်းလျားကန်၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အဓိပတိလမ်း၊ ကံ့ကော်တော၊ စစ်ကိုင်းလမ်း၊ တောင်ငူ ဆောင်နဲ့ ဘွဲ့နှင်းသဘင်တို့ဟာ ခေတ်အဆက်ဆက် ဇာတ်လိုက်တွေပါ။ ခေတ်စမ်း စာပေရှေ့ဆောင်တွေ၊ ဇဝနရဲ့ ကောလိပ်ကျောင်းသား၊ သိန်းဖေမြင့် သပိတ်မှောက် ကျောင်းသားအရွယ်ကနေစလို့ ဇရာအိုတစ်ဦးအဖြစ် တက္ကသိုလ်ဝင်းကိုဖြတ်ပြီး အင်းယားလမ်းမှာ လျှောက်တဲ့ အထိ၊ ကြည်အေး၊ အောင်ပြည့်၊ မောင်ဝဏ္ဏ၊ မင်းလူ၊ နီကိုရဲ တို့ကို ဖြတ်သန်းပြီး ယနေ့ခေတ်အထိ တက္ကသိုလ်တွင်း လူမှုရေးဘဝအဖုံဖုံကို ရေးဖွဲ့မဆုံးရှိခဲ့ကြတယ်။
အဆောင်ရှေ့မှာ သီချင်းသွားဆိုတဲ့အခါ မီးလုံးတွေနဲ့ လိုက်ကာရိပ်လေးတွေကနေ ကိုယ်ရည်မှန်းသီဆိုတဲ့သူ သီချင်းကို နားထောင်နေသလား မှန်းဆနိုင်တာကို တကယ်ဆိုဖူးသူတွေသာ ရေးဖွဲ့နိုင်ခဲ့ကြတာပါ။ ဂန္ထဝင် တန်းဝင်တဲ့ စာကဗျာ၊ ပန်းချီ၊ ဂီတတွေ မကုန်ဆုံးနိုင် အောင် ဖန်တီးခဲ့ကြတယ်။ ဒီနေရာကို စွဲလမ်းမှုတွေကနေ စေ့ဆော် ပြီး ခေတ်အဆက်ဆက်ကို ထင်ဟပ်နေတဲ့ အနုပညာပစ္စည်း တွေ များစွာ ကျန်ရစ်ပါတယ်။ သူတို့ အခြေတည်ရာဖြစ်တဲ့ ဒီသင်္ကေတတွေကို သူ့အနှစ်သာရမပျက် ဘယ်လိုထိန်း ရမလဲဆိုတာ အရေးကြီးပါတယ်။ သီချင်းကဗျာခံစားပြီး သွားကြည့်တော့ သြော်- မရှိတော့ပါလား၊ နောက်တစ်မျိုး ဖြစ်နေပြီ ဆိုတာထက် ဆက်လက်ရှိနေအောင် အားထုတ် ရမှာ ဖြစ်ပါတယ်။
ဒီတော့ တက္ကသိုလ်ဟာ ဆက်လက်ပြီး အနာဂတ်မှာ ရှင်သန်နေဖို့လည်းလိုတယ်။ ခေတ်နဲ့ လျော်ညီတဲ့ လိုအပ် ချက်တွေနဲ့ ကိုက်ညီအောင်၊ ရေရှည်ပညာရေး အဆင့်မြှင့် အောင် လုပ်ရမှာတွေ အများကြီးရှိတယ်။ ခေတ်မီအောင် အဆင့်မြှင့်တိုးချဲ့ရမှာတွေရှိတယ်။ ဘက်စုံဖွံ့ဖြိုးမှုတွေ လုပ်ရမယ်။ မာစတာပလန်ရေးဆွဲ ပြင်ဆင်နေတာကိုလည်း သိရတယ်။ ဒီနေရာဌာနကြီး အပေါ် ရေရှည်မျှော်မှန်းချက်က ဘာဖြစ်သင့်သလဲဆိုတာ သုံးသပ်ကြည့်ဖို့ လိုပါတယ်။
- နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု
ဖြစ်စေချင်တယ်။
- အနာဂတ်မှာ ကျောင်းသားတွေ အများကြီး
(တစ်သောင်းကျော်နှစ်သောင်း) ဘွဲ့ယူတန်း
လာရောက် ပညာသင်နိုင်တဲ့ ဧရာမ ပင်မ
တက္ကသိုလ်ကြီးအဖြစ် ရှိချင်တယ်။
- ခေတ်မီ ဌာနအသစ်ကြီးတွေ တိုးချင်တယ်။
- ဘွဲ့လွန်တန်းနဲ့ သုတေသနလုပ်ငန်းတွေအတွက်
လည်း အခြေချချင်တယ်။
- နိုင်ငံတကာနဲ့ ပညာဖလှယ်ပြီး ဧည့်ပါမောက္ခတွေ၊
ဧည့်သုတေသီတွေ လာရောက်နေထိုင် လုပ်ကိုင်ဖို့
လိုတယ်။
- ကျောင်းသားတွေရော ဆရာတွေရော ဒီဝင်းထဲမှာပဲ
နေထိုင်ပြီး ကျောင်းတက်ဖို့လည်း လိုတယ်။
- မူလဂုဏ်ဒြပ်တွေလည်း ဆက်ထိန်းဖို့လိုတယ်။
ဖြစ်ချင်တာတွေကတော့ ဟုတ်ပြီ၊ ဒါတွေအကုန်လုံး ရနိုင်ပါ့မလား၊ ဘယ်လိုစီမံမှာပါလဲ၊ ဒီမြေ ဒီရေ ဒီအမွေ အနှစ်နေရာက လိုအပ်ချက်အသစ်တွေ အားလုံးကို နေရာပေးနိုင်ပါ့မလား၊ ပြုပြင်ပြောင်းလဲမှု ဒဏ်တွေကို ခံနိုင်ပါ့မလား။ သူ့စရိုက်လက္ခဏာနဲ့ ဆီလျော်အောင် ဘယ်လို ဆက်ထိန်းမလဲ။
ခုနမျှော်မှန်းချက်တွေဖြစ်အောင် ထပ်တိုးနေရာချဖို့ အဆောက်အအုံ ကြမ်းခင်းဧရိယာ ဘယ်နှထောင် စတုရန်းပေ ထပ်လိုပါမလဲ၊ အဆောက်အအုံသစ်တွေကို ဘယ်နားမှာ ဆောက်မှာပါလဲ၊ ကွက်လပ်တွေမှာ ဖြည့်ဆောက်မှာလား၊ ဒါမှမဟုတ် ရှိပြီးအဆောက်အအုံ တွေကြားထဲ တချို့ကို ဖယ်ပြီး ဆောက်မှာပါလား၊ အသစ်တွေနေရာချဖို့ လက်ရာ သစ်ပင်အုပ်တွေ ရှင်းပစ် ဖို့ လိုလာပါလိမ့်မယ်၊ အချို့ အသုံးပြုမှုတွေ ပြန်ပြောင်း လဲရမယ်၊ မူလဆောင်တွေ နားကြားထဲ အဆောင်သစ် အထပ်မြင့်တွေ ပေါ်လာတော့မယ် စတဲ့မေးခွန်းနဲ့ မှတ်ချက်တွေ အများကြီး ပေါ်လာပါလိမ့်မယ်။ နောက်အနှစ် ၂၀ ဒီစီမံကိန်း အကောင်အထည် ဖော်ပြီးချိန် လက်ရှိသစ်ပင်ရဲ့ တစ်ဝက်လောက်ပဲ ကျန် တော့မယ်ဆိုရင်တော့ ဒါဟာ လုပ်သင့်တဲ့ စီမံကိန်းမဟုတ် နိုင်ပါဘူး။ အမွေအနှစ်ထိန်းသိမ်းရေးမှာ အခြေခံကျတဲ့ စည်းမျဉ်းက တန်ဖိုးနဲ့ ထူးခြားမှုမြင့်မားလေ သူ့ကို ထိခိုက်မှုအနည်းဆုံး၊ ပြောင်းလဲမှုအနည်းဆုံးဖြစ်အောင် သာ စဉ်းစားဖို့ လိုလေပါပဲ။
ဒီတော့ ရန်ကုန်တက္ကသိုလ်ကို စီမံခန့်ခွဲဖို့နဲ့ အဆင့် မြှင့်ဖို့ အခြားသော နည်းလမ်းတွေ မရှိနိုင်ဘူးလားဆိုတာ ဝိုင်းဝန်း ညှိနှိုင်းအဖြေရှာကြဖို့ လိုလာပါတယ်။ အသစ် တစ်ခုရဖို့ ပိုင်ဆိုင်ပြီးသား အရာတွေနဲ့ လဲစရာ မလိုတဲ့ နည်းလမ်းတွေ ဖော်ထုတ်နိုင်ကြပါလိမ့်မယ်။ ပညာရေးနဲ့ ပတ်သက်လို့ တာဝန်ရှိ ကျွမ်းကျင်သူတွေလိုသလို လက်ရှိ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ မူလအနှစ်သာရနဲ့ ထူးခြားတဲ့ တန်ဖိုးတွေမပျောက်ပျက်သွားအောင် အထူး အလေးထားပြီး အကြံကောင်းများ ပေးနိုင်မယ့် လူပုဂ္ဂိုလ် များလည်း ပါဝင်ဖို့လိုပါတယ်။ ရန်ကုန်မှာ အခြားရွေးချယ် စရာနေရာ၊ နည်းပညာနဲ့ထောက်ကူပြု အခြေခံ အဆောက်အအုံတွေ ရှိနေဦးမှာပါ။ ရန်ကုန်တက္ကသိုလ် ကြီးဟာ သူကချည်းပဲ လိုအပ်နေတာ မှန်သမျှ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက်နေရာပေးနေရမယ့် နေရာမဟုတ်ဘဲ အစဉ်အဆက် ရှိခဲ့ပြီးသား ဒြပ်ရှိ ဒြပ်မဲ့ ဂုဏ်တွေကို ဆက်လက်ထိန်းသိမ်းပြီး အနာဂတ်မှာ အရေးလည်းပါ၊ ဆက်နွှယ်ပတ်သက်သူတွေရဲ့ နှလုံးသားထဲ စွဲမှတ်ထားတဲ့နေရာအဖြစ်လည်း ချန်ခဲ့နိုင်ဖို့ အရေးကြီး ကြောင်းပါ။ ။

ဆောင်းပါးရှင်
မိုးမိုး(ဗိသုကာ)၏
ကိုယ်ရေးအကျဉ်း
---------------------------

- အမည်ရင်း မိုးမိုးလွင် ဖြစ်သည်။
- လက်ရှိ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust- YHT) ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံ ဗိသုကာကောင်စီနှင့် မြန်မာ နိုင်ငံ ဗိသုကာအသင်းတွင် အလုပ် အမှုဆောင်ဖြစ်သည်။
- ရန်ကုန် စက်မှုတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သင်ကြားသည်။
- ရန်ကုန်စက်မှုတက္ကသိုလ်မှ ၁၉၈၄ တွင် ဗိသုကာဘွဲ့၊ ၁၉၉၁ တွင် အာရှနည်းပညာ တက္ကသိုလ်မှ မြို့ပြစီမံကိန်းဘာသာရပ် ဖြင့် မဟာသိပ္ပံဘွဲ့ရရှိသည်။
- ဗိသုကာဘာသာရပ်ဆိုင်ရာ ဆောင်းပါး များကို မိုးမိုး (ဗိသုကာ) အမည်ဖြင့်ပင် ရေးသားသည်။