
ဒေါက်တာသန်းဦး
၁။
နောက်ခံသမိုင်း
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် “ရန်ကုန်တက္ကသိုလ်” ကို စတင်တည်ထောင်သည့် အခါ၌ ရန်ကုန်တက္ကသိုလ်တွင် (၁) တက္ကသိုလ် ကောလိပ်၊ (၂) ဂျပ်ဆင်ကောလိပ် ဟူ၍ ကောလိပ် ကျောင်းနှစ်ကျောင်း စတင်ပါဝင်လာပါသည်။
၁၉၂၃ ခုနှစ် ကုန်ခါနီးတွင် ကျောင်းသား ၂၂၄ ဦး နေနိုင်သော သစ်သားဆောင်နှစ်ဆောင် ဆောက်လုပ် ခဲ့ရာ ယင်းတို့မှာ ယနေ့တိုင် တည်ရှိသေးသော “တကောင်းကျောင်းဆောင်” နှင့် “ပြည်ကျောင်းဆောင်” တို့ ဖြစ်ရာ ၎င်းကျောင်းဆောင် နှစ်ဆောင်ကို ၁၉၂၄ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ဖြစ်ခဲ့သည်။ ထိုကျောင်းဆောင် နှစ်ဆောင်သည် ရန်ကုန်တက္ကသိုလ်နယ်မြေ၌ ပထမ ဦးဆုံး တည်ဆောက်ခဲ့သော အဆောင်များဖြစ်ကြောင်း လေ့လာမှတ်သားထားရပါသည်။
ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ခဲ့သည့် အချိန်မှစ၍ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလအထိ တက္ကသိုလ် နယ်မြေတွင် တည်ဆောက်ပြီးစီးခဲ့သော-
(၁) တက္ကသိုလ်ကောလိပ် အတွက် ယောကျ်ား ကျောင်းဆောင် ရှစ်ဆောင်နှင့် အမျိုးသမီး ကျောင်းဆောင် တစ်ဆောင်၊
(၂) ဂျပ်ဆင်ကောလိပ် အတွက် ယောကျ်ား ကျောင်းဆောင် နှစ်ဆောင်နှင့် အမျိုးသမီး ကျောင်းဆောင် တစ်ဆောင်
တို့ဖြစ်ကြောင်း ထပ်လောင်း လေ့လာမှတ်သားထား ရပါသည်။
တက္ကသိုလ်ကောလိပ်အောက်၌ရှိသော အမျိုးသား ယောကျ်ားကျောင်းဆောင်များမှာ (၁) တကောင်း၊ (၂) ပြည်၊ (၃) ပုဂံ၊ (၄) ပင်းယ၊ (၅) အင်းဝ၊ (၆) စစ်ကိုင်း၊ (၇) ပဲခူး၊ (၈) သထုံကျောင်းဆောင်တို့ဖြစ်ကြသည်။ အမျိုးသမီး ကျောင်းဆောင်မှာ အင်းလျားဆောင်ဖြစ်ပါသည်။
ဂျပ်ဆင်ကောလိပ်အောက်၌ရှိသော အမျိုးသား၊ ယောကျ်ားကျောင်းဆောင်မှာ ရှေးအခေါ် (စာရေးသူ တို့ခေတ်က အခေါ်) ဝယ်လင်ဂတန်ကျောင်းဆောင်၊ နော့ဟောကျောင်းဆောင်။ ယခုခေတ်အခေါ် ဒဂုံကျောင်း ဆောင်နှင့် ရွှေဘိုကျောင်းဆောင်တို့ဖြစ်ကြသည်။ အမျိုးသမီးကျောင်းဆောင်မှာ မာလာဆောင်ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ် လူနေကျောင်းဆောင်နှင့် စပ်လျဉ်း ၍ အထူးသတိပြု မှတ်သားထားမိသည်များမှာ -
(၁) ကျောင်းသား ၁၃၆ ဦးဆံ့ ပုဂံကျောင်းဆောင်ကို ၁၉၂၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့၍ ၁၉၂၆ ခုနှစ်၌ ဖွင့်လှစ် ဖြစ်ခဲ့သည်။ ထိုပုဂံကျောင်း ဆောင်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း က မီးလောင်ပျက်စီးခဲ့သည်။ ယခုလက်ရှိ တကောင်းနှင့် ပြည်ကျောင်းဆောင်တို့အနီး၌ တည်ရှိသော ပုဂံဆောင်မှာ အသစ်ပြန်လည် တည်ဆောက်ထားသော အဆောင်ဖြစ်ပါ သည်။
(၂) ယခုအင်းလျားအမျိုးသမီးကျောင်းဆောင်ကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဟု သိရပါသည်။
(၃) ယခုလက်ရှိ ရတနာအမျိုးသမီးကျောင်းဆောင် မှာ အင်းလျားကျောင်းဆောင်နှင့် ကပ်လျက် ဆောက်လုပ်ထားသော နောက်တိုးအမျိုးသမီး ကျောင်းဆောင်တစ်ဆောင် ဖြစ်ပါသည်။ (လွတ်လပ်ရေးရပြီးနောက် ဆောက်လုပ်ခဲ့ ခြင်း ဖြစ်ပါသည်။)
(၄) ၁၉၂၈ ခုနှစ်၌ တက္ကသိုလ်ကောလိပ်အတွက် ယောကျ်ားဆောင် ငါးဆောင်၊ “ပင်းယ”၊ “အင်းဝ”၊ “စစ်ကိုင်း” ၊ “ပဲခူး”၊ “သထုံ” ဆောင် တို့ကို ဆောက်လုပ်ပြီးစီးခဲ့သည်။ အဆိုပါ နှစ်၌ပင် ဂျပ်ဆင်ကောလိပ်အတွက် ယောကျ်ားကျောင်းဆောင် နှစ်ဆောင်ဖြစ် သော ဒဂုံနှင့် ရွှေဘိုဆောင်တို့ကို ဆောက်လုပ်ပြီးစီးခဲ့ကြောင်း အစီရင်ခံစာ၌ တွေ့ရှိ မှတ်သားရပါသည်။
(၅) ယောကျ်ားကျောင်းဆောင်၊ အမျိုးသား အဆောင်များကို အမည်မှည့်ခေါ်ရာ၌ ထူးခြားမှုတစ်ခု ရှိပါသည်။ ၎င်းတို့မှာ မြန်မာနိုင်ငံ၏ နိုင်ငံ့သမိုင်း၌ ထင်ရှားခဲ့သော မင်းနေပြည်တော် ရုံးစိုက်ရာ မြို့အမည်တို့ ဖြစ်နေခြင်းကို အထူးသတိပြုမှတ်သား မိပါသည်။
(၆) မြန်မာ့သမိုင်းစဉ်၌ ထင်ရှားခဲ့သော တကောင်း၊ ပြည် (သရေခေတ္တရာ)၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ရွှေဘို၊ ပဲခူး၊ သထုံ၊ ဒဂုံတို့ ဖြစ်ကြပါသည်။ ထိုကဲ့သို့ အဆောင် အမည်များကို မှည့်ခေါ်ထားခြင်းသည် နောင်လာနောက်သားများအတွက် မြန်မာ နိုင်ငံ၏ မင်းနေပြည်တော်တို့၏ အမည်တို့ ကို အမှတ်တရ သတိတရ၊ ဂရုပြု မှတ်သား မိစေရန် ဖြစ်ပါသည်။
၂။
ကျောင်းဆောင်နေ ကျောင်းသားဘဝ
ရန်ကုန်တက္ကသိုလ် (တက္ကသိုလ်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်) တွင် ကျောင်းအိပ် ကျောင်းစားအဖြစ် နေထိုင်ရသော အမျိုးသားကျောင်းဆောင်၊ အမျိုးသမီး ကျောင်းဆောင် (Hostels) တို့၌ ကျောင်းဆောင်နေ ကျောင်းသားဘဝ၊ ကျောင်းသူဘဝကို ဤစာရေးသူက အမှတ်တရ တင်ပြလိုသော အာသီသရှိပါ၍ ယခုကဲ့သို့ နောက်ခံသမိုင်းအကျဉ်းနှင့်တကွ အဆောင်နေဘဝကို တင်ပြရခြင်း ဖြစ်ပါသည်။
ဤစာရေးသူသည် အသက်အားဖြင့် ၉၂ နှစ်ရှိပြီ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်၌ ပထမဘွဲ့အတွက် ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၄ ခုနှစ်အထိ ပထမအကြိမ် တက္ကသိုလ်စတင်ကျောင်းနေစဉ်က တစ်ကြိမ်၊ ဒုတိယဘွဲ့ ဘွဲ့လွန်အတွက် ၁၉၅၉-၁၉၆ဝ ပညာသင်နှစ်တွင် ကျောင်းနေစဉ်က တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ကျောင်း အိပ် ကျောင်းစား ကျောင်းဆောင်နေကျောင်းသားဘဝ ကို ရရှိသူဖြစ်ခဲ့ပါသည်။
ပင်းယဆောင်၌ နေထိုင်ခြင်း
ဤစာရေးသူသည် လွတ်လပ်ရေးရပြီး နောက် တစ်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင် ခဲ့ပါသည်။ ၁၉၅၀-၁၉၅၁ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ဥပစာဝိဇ္ဇာ ပထမနှစ်သင်တန်းကို တက်ခွင့် ရခဲ့ပါသည်။ စာရေးသူတို့ခေတ်က ဥပစာဝိဇ္ဇာ ပထမ နှစ်တွင် စာမေးပွဲမရှိပါ၊ ဒုတိယနှစ်တွင်သာ စာမေးပွဲ ရှိပါသည်။ (ပထမနှစ်နှင့် ဒုဘိယနှစ်ပေါင်း၍ ဖြေရ ပါသည်။)
ကျောင်းဆောင်၌ နေထိုင်ရန် လျှောက်ထားခဲ့ရာ ပင်းယကျောင်းဆောင် အောက်ဆုံးမြေညီထပ်၌ နေထိုင် ရန် အခန်းတစ်ခန်းရရှိခဲ့ပါသည်။ ထိုစဉ်က တစ်ယောက် ခန်းတွင် တစ်ယောက်တည်းနေထိုင်ခွင့်ရခဲ့ခြင်းဖြစ် ပါသည်။ ပင်းယဆောင် အဆောင်နည်းပြဆရာ (Hall Tutor) မှာ ဆရာဦးဘတုတ် (ယခု သင်္ချာပါမောက္ခ (ငြိမ်း)၊ ဆရာကြီး ဦးဘတုတ်) (သက်ရှိထင်ရှားရှိနေဆဲ ဆရာကြီးတစ်ဦး) ဖြစ်ပါသည်။ ပင်းယဆောင်၌ အဆောင် မှူးမှာ ဥပဒေ မဟာဌာန မဟာဌာနမှူးဦးမြင့် ဖြစ်ပါသည်။
ပင်းယဆောင် မြေညီထပ်၌ စာရေးသူနှင့် အခန်းချင်း ဆက် နေထိုင်ကြသူများကို ကောင်းစွာ မှတ်မိနေဆဲ ဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့မှာ ကွယ်လွန်သွားကြပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အမည်များကို မဖော်ပြတော့ပါ။
မိဘနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်သည်အထိ အတူနေထိုင် နေထိုင်ခဲ့ရာမှ မိဝေး ဖဝေး၊ ရပ်ဝေး မြေခြား တက္ကသိုလ်ကျောင်းဆောင်သို့ စတင်လာရောက် နေထိုင်စအခါက နေမထိ ထိုင်မသာ ခံစားနေထိုင်ခဲ့ရပါ သည်။ ရောက်စ၌ မိမိနေအိမ်ကိုသာ အမြဲသတိရ အထူးလွမ်းဆွတ်နေပါသည်။ နောက်တဖြည်းဖြည်း နေသားတကျ ဖြစ်လာရပါသည်။ နောက် နေတတ် သွားပါသည်။
တက္ကသိုလ်ကျောင်းသားဘဝ၌ အဆောင်နေ ကျောင်းသားဘဝသာ မပါဝင်ခဲ့ပါက ပြီးပြည့်စုံသည့်ဘဝဟု မယူဆပါ။ အကြောင်းရှိပါသည်။ တက္ကသိုလ်ကျောင်းသား ဘဝ၌ ထိုစဉ်က ဘာသာတွဲစနစ် (Combination System) အရ ဘာသာတွဲကိုယူရသဖြင့် ဘာသာရပ်တူ ကျောင်းနေ ဖက်သူငယ်ချင်းများကို ရရှိခဲ့ပါသည်။ ဘာသာရပ်တူ ကျောင်းနေဖက် သူငယ်ချင်းများသာ ရရှိခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသားကျောင်းဆောင်၌ နေထိုင်ရသောအခါတွင် ဘာသာရပ်တူ ကျောင်းနေဖက်သူငယ်ချင်းများသာမက ဘွဲ့ကြို ဘွဲ့လွန်၊ ဘာသာရပ်အမျိုးမျိုး၊ အတန်းအမျိုးမျိုး၊ အရပ်ဒေသအမျိုးမျိုး၊ လူမျိုးနွယ်အမျိုးမျိုး၊ ကိုးကွယ်သည့် ဘာသာ အမျိုးမျိုး၊ စရိုက် အလေ့အကျင့်အမျိုးမျိုးရှိကြသည့် အဆောင်နေဖက် သူငယ်ချင်းများနှင့် စားအတူ၊ သွားအတူ၊ လာအတူ၊ ပြောဆိုဆက်ဆံ ပေါင်းသင်းနေထိုင်ကြရခြင်း ကြောင့် လူမှုဆက်ဆံရေး၊ အလေ့အကျင့်ကောင်းများကို လက်တွေ့ကျကျ ကျင့်သုံးရသဖြင့် များစွာအကျိုးများလှ ပါသည်။ အလွန်အဖိုးတန်လှပါသည်။
တစ်ဦးနှင့်တစ်ဦး သဘော နားလည်ခြင်း၊ စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး စာနာ ခြင်း၊ ထောက်ထားခြင်း၊ တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီ ခြင်း၊ အထူးသဖြင့် နေထိုင်မကောင်းသည့်အခါ ပြုစုခြင်း၊ စောင့်ရှောက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အားပေးအားမြှောက် ခြင်း၊ လက်တွဲခေါ်ခြင်း၊ စည်းရုံးခြင်း၊ ညီညွတ်ခြင်း၊ အပေး အယူတတ်ခြင်း စသည့် အလွန်ကောင်းမြတ်သော လူ့ကျင့် ဝတ်သိက္ခာများကို အဆောင်နေဘဝ၌ ကောင်းစွာရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဤသည်တို့မှာ ဆောင်ရန် များ ဖြစ်ကြပါသည်။ (ရှောင်ရန်များလည်း ရှိပါသည်။ ရှောင်ရန်များကိုတော့ ရှောင်ကြဉ်ကြရန်ပင် ဖြစ်ပါသည်။)
၃။
တကောင်းကျောင်းဆောင်၌ နေထိုင်ခြင်း
ဤစာရေးသူသည် ပထမဘွဲ့ (ဘီ၊ အေ၊ အီးဒီဘွဲ့) ကို ရရှိပြီးနောက် ပညာရေးဌာနတွင် အခြေခံပညာအထက် တန်းကျောင်း ကျောင်းဆရာကြီးဘဝသို့ ရောက်ရှိခဲ့ပါသည်။ အလုပ်ခွင်အတွင်း ငါးနှစ်မျှ အမှုထမ်းဆောင်ပြီးနောက် ဘွဲ့လွန်ဘွဲ့တစ်ခုဖြစ်သော ဘီ၊ အီး၊ ဒီ ဘွဲ့သင်တန်းသို့ ၁၉၅၉-၁၉၆၀ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာန၌ တက်ရောက်ခွင့် လျှောက်ထားခဲ့ရာ တက်ရောက်ပညာ ဆည်းပူးခွင့် ရခဲ့ပြန်ပါသည်။
ဤတစ်ကြိမ်တွင် စာရေးသူသည် အမှုထမ်း တစ်ယောက်ဖြစ်နေပါပြီ။ အိမ်ထောင်ကျ၍ သားသမီး များလည်း ရှိနေပြီဖြစ်ပါသည်။ အဆောင်နေခွင့်ကို တကောင်းကျောင်းဆောင် အပေါ်ဆုံးအထပ်လမ်းမကြီး နှင့် ကပ်လျက်အခန်း၌ နေခွင့်ရခဲ့ပါသည်။ ပြည်လမ်းမ ကြီးနှင့်ကပ်လျက် အခန်းဖြစ်သဖြင့် ကားသံများ နေ့ရော ညပါအလွန် ဆူညံနေပါသည်။ အခန်းရောက်စ၌ ထိုအသံ များကြောင့် အနှောင့်အယှက်ဖြစ်ရပါသည်။ စာဖတ်ချိန်၊ စာကျက်ချိန်တွင် အဆိုးဆုံးခံစားရပါသည်။ သို့ရာတွင် နောက်ပိုင်း၌ နေသားတကျ ဖြစ်လာပါသည်။
ယခုအခါတွင် မိဘနှင့် ခွဲခွာ၍နေရခြင်း မဟုတ်တော့ ဘဲ အိမ်ထောင်နှင့် ခွဲခွာ၍ နေထိုင်ရခြင်း တစ်မျိုးဖြစ် ပါသည်။ မကြာခဏဆိုသလို မိမိအိမ်ထောင်ရှိရာ ဇနီး၊ သားသမီးများဆီသို့ သံယောဇဉ်အရ စိတ်ရောက်နေတတ် ပါသည်။ သောကလည်း ရောက်နေတတ်ပါသည်။
တကောင်းကျောင်းဆောင်၌ နေထိုင်ရစဉ် စားအတူ၊ သွားအတူ၊ လာအတူ၊ ကျောင်းတက်အတူ နေကြရသူ များမှာ အလုပ်ခွင်မဝင်ရသေးသည့် လူငယ်ပညာရေး သင်တန်းများနှင့် အလုပ်ခွင်တွင်းမှ တက်ရောက်လာ သည့် သင်တန်းသားများ၊ ပြည်ထောင်စု မြန်မာနိုင်ငံ နေရာအနှံ့ မှ၊ ပြည်နယ်အသီးသီးမှ ပြည်နယ်သားများ၊တိုင်းဒေသကြီးသားများအပါအဝင် လူမျိုးအနွယ်စုံ၊ ကိုးကွယ်သည့် ဘာသာစုံ၊ လူမျိုးယဉ်ကျေးမှုစုံတို့နှင့် အတူတူတွဲယှဉ်၍ နေထိုင်ခွင့်ရပြန်သဖြင့် များစွာ အကျိုးဖြစ်ထွန်းလာပြန်ပါသည်။ ။
ထိုကဲ့သို့ အတူတကွ နေထိုင်ကြရသဖြင့် တစ်ဦးနှင့် တစ်ဦး အချင်းချင်းထံမှ ဒေသဆိုင်ရာ ထူးခြား၊ ကွဲပြား သည့်အခြေအနေများ၊ ဒေသအလျောက် သင်ကြား သင်ယူမှုပြုကြရသည်များ၊ ဒေသအလျောက် ဆရာ ဆရာမများ ဘဝရုန်းကန်လှုပ်ရှားနေရမှုများ၊ ဒေသ အလျောက် ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင် ဆင်ယင် ကျင်းပမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့စရိုက်လက္ခဏာများ ခြားနားမှုအလျောက် သွားလာနေထိုင် ပြောဆိုဆက်ဆံ ဆောင်ရွက်မှုများကို တစ်ဝကြီး စုစည်းရရှိလိုက်ပါသည်။ ထိုသို့ရရှိလာသည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတ၊ ဘာသန္တရ ဗဟုသုတ၊ ဒေသဆိုင်ရာ ဗဟုသုတ၊ ဒေသန္တရဗဟုသုတတို့ကို ကျောင်းဆောင်တစ်နေရာတည်းမှာနေရင်း ရယူနိုင် ခဲ့ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ ဒေသ အသီးသီးတွင် ပညာရေးဝန် ထမ်းနေကြသည့် ပညာရေး မိသားစုဝင်များနှင့် မိတ်ဖွဲ့ကာ မဟာမိတ်ဖြစ်ရခြင်း၊ ကျောင်းနေဖက်၊ အဆောင်နေဖက် မိတ်ဆွေဖြစ်ရခြင်း တို့သည် ပညာရေးမိသားစု စိတ်ဓာတ်ကို ဖွံ့ဖြိုးရှင်သန် လာစေခဲ့ပါသည်။ သင်တန်းဆင်းသွားပြီးနောက် အလုပ်ခွင် အတွင်း၊ အပ နှစ်ဌာန၌ ပြန်လည်ဆုံတွေ့ ကြရသည့်အခါများစွာမှ နှစ်ထောင်းအားရ ဝမ်းသာ ဂုဏ်ယူကြပါသည်။ ၎င်းတို့ထံမှ လှိုက်လှိုက်လှဲလှဲ ကူညီမှု များလည်းရရှိပြီး ပီတိများစွာ ဖြစ်ရပါသည်။ ယနေ့တိုင် မမေ့နိုင်ကြပါ။
ဤစာရေးသူသည် ပင်းယကျောင်းဆောင်နှင့် တကောင်းကျောင်းဆောင်တို့၌ နေထိုင်ခဲ့ရစဉ်အတွင်း ကျောင်းဆောင် သဟာယအသင်းများ၏ ဝါယမ စိုက်ထုတ်ဆောင်ရွက်မှု အရပ်ရပ်ကိုလည်း အထူး သတိပြု မှတ်သားမိပါသည်။ အဆောင်သဟာယအသင်း ခန်းမကျယ်၌ နေ့စဉ်ထုတ်သတင်းစာ မဂ္ဂဇင်း စာစောင် စသည်များကို နေ့စဉ်ဖတ်ရှုခွင့် ရခဲ့ပါသည်။ ထိုခေတ်က ရေဒီယိုကိုလည်း နံနက်တိုင်း၊ ညတိုင်းနားထောင်ခွင့်ရ ခဲ့ပါသည်။ သဟာယဆောင်အတွင်း စိတ်ကြိုက်ထိုင်၍ ကစားစရာများကိုလည်း တစ်ယောက်ချင်းနှင့် ဝိုင်းဖွဲ့ ကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် နေ့ကြီး ရက်ကြီးအခါကြီးတို့၌ ကျောင်းဆောင်သဟာယ အသင်း က ကြီးမှူးပြီး နံရံကပ်စာစောင်၊ လက်ဝေစာစောင် များ၊ ကျပန်းစကားပြောပွဲများ၊ ဟောပြောပွဲများ၊ စကား ရည်လုပွဲများ၊ ပြင်ပပညာရှင်ဟောပြောပွဲများ စသည့် ပညာပေးပွဲများကို ပြုလုပ်ပေးပါသည်။
ပညာသင်နှစ်အဆုံးတွင် အဆောင်လိုက် ညစာစားပွဲ Grand Dinner ကို မှတ်မှတ်ရရ နာမည်ကြီး၊ နာမည် ကျော် အငြိမ့်များကို ငှားရမ်းပြီး ပွဲလမ်းသဘင် ဆင်ယင် ကျင်းပရာ အဆောင်သားများ၊ ဖိတ်ကြားထားသူများ နှင့်အတူ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရသည်များ ကိုလည်း တစ်သက်၌ မမေ့နိုင် အမှတ်တရ ဖြစ်ကြရ ပါသည်။
ဤစာရေးသူသည် နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ ပညာတော်သင် သွားရောက်ရ၍ နိုင်ငံရပ်ခြား တက္ကသိုလ် ၌ ပညာသင်ယူစဉ်၌ လည်းကောင်း၊ နေထိုင်ခွင့်ရခဲ့သော ကျောင်းဆောင်၌ ကမ္ဘာအရပ်ရပ်မှ ကျောင်းသား ကျောင်းသူများနှင့် အတူတကွယှဉ်တွဲ၍ နေထိုင်ရ သည့်အခါတွင်လည်းကောင်း၊ အမိတက္ကသိုလ်အဆောင် များ၌ နေထိုင်ခဲ့ရဖူးသည့် ကြွယ်ဝသော ဘဝအတွေ့ အကြုံများ၏ ကျေးဇူးကြောင့် ချောမောပြေပြစ်စွာ၊ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနေထိုင် မိတ်ဖွဲ့နိုင်ခဲ့ပါ ကြောင်း ကိုယ်တွေ့လက်တွေ့ကျကျ တွေ့မြင်ခံစား စံစားဖြစ်ခဲ့ရပါသည်။
အချုပ်အားဖြင့် စာရေးသူအနေဖြင့် တင်ပြဆွေးနွေး လိုသည်မှာ တက္ကသိုလ်ကောလိပ်၊ သိပ္ပံစသည့် ကျောင်းသားဘဝတွင် စာသင်သားဘဝ သက်သက်ဖြင့် ပြည့်စုံလုံလောက်မှု ရှိမည်မဟုတ်ပါ။ အဆောင်နေဘဝ ပါ တစ်ပါတည်း ထည့်သွင်းပါဝင်မှုပြုပါမှ ပြည့်စုံသော ဘဝ (Full Life) ကို မုချရရှိကြရလိမ့်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ စာသင်သားဘဝ အဆောင်နေဘဝ နှစ်ရပ်စလုံး ကုံလုံမှုဖြင့် နိုင်ငံသားကောင်း၊ နိုင်ငံသမီးမွန် ကမ္ဘာ့သားကောင်း၊ ကမ္ဘာ့သမီးမွန်အဖြစ်တို့သို့ မုချ မလွဲမသွေ ပြုစုပျိုးထောင်ပေးမှု၊ တက်လှမ်းမှုပြုနိုင် ကြမည်ဖြစ်ပါကြောင်း ...။ ။
“ကောင်းရာ တုလျက်၊ ကောင်းမှု မြတ်နိုး၊
ကောင်းအောင် ကြိုး၍၊ ကောင်းကျိုးကိုယ်၌
တည်စေမင်း...”
ကန်တော်မင်းကျောင်းဆရာတော်ဘုရားကြီး
(မြန်မာသက္ကရာဇ် ၈၀၀-၈၇၅)
ဆောင်းပါးရှင် ဆရာကြီး ဒေါက်တာ သန်းဦး၏
ကိုယ်ရေးအကျဉ်း
၁၉၅၀ ရန်ကုန်တက္ကသိုလ် ဘီအေ (အီးဒီ)ဘွဲ့
၁၉၅၄ ကျောင်းအုပ်ကြီး၊ အထက၊ ပုတီးကုန်း၊ ပြည်ခရိုင်
၁၉၆၀ ဘီအီးဒီဘွဲ့ မဟာသရေစည်သူ ဒေါက်တာ ဦးဘ၏ ပထမ ရွှေတံဆိပ်ဆုကို ဝန်ကြီးချုပ် ဦးနုက ချီးမြှင့်ခဲ့
၁၉၆၀ ကျောင်းအုပ်ကြီး၊ အထက၊ အုတ်ဖို၊ သာယာဝတီခရိုင် အမ်အီးဒီဘွဲ့
(အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီတက္ကသိုလ်)
၁၉၆၃ လက်ထောက်အုပ်ချုပ်ရေးမှူး၊ ပညာမင်းကြီးရုံး
၁၉၆၄-၁၉၆၅ ကျောင်းအုပ်ကြီး၊
ပုသိမ် ဆရာအတတ်သင် ကျောင်း
၁၉၆၆-၁၉၇၇ လက်ထောက် သုတေသန အရာရှိမှ ဥက္ကဋ္ဌ ရာထူးအထိ ထမ်းဆောင်
မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့/ ဦးစီးဌာန
၁၉၇၇-၁၉၈၅ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံ ပညာဦးစီးဌာန
၁၉၉၉ မြန်မာနိုင်ငံ ပညာရေးဌာန သမိုင်းစာအုပ်ဖြင့်
(အမျိုးသားစာပေဆုရ)
၁၉၉၉-၂၀၁၃ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့
၁၉၉၉- ဥက္ကဋ္ဌ၊ ပညာတန်
ယနေ့အထိ ဆောင်အုပ်ချုပ်ရေးအဖွဲ့
၁၉၉၉- ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ
ယနေ့အထိ စာတတ်မြောက်ရေး
အထောက်အကူပြုပင်မဌာန
၂၀၁၅-ဇန်နဝါရီ ရန်ကုန်တက္ကသိုလ် Doctor of Letters (Honoris
Causa) ဘွဲ့
၂၀၁၅-မေ အမေရိကန်နိုင်ငံ ဟာဝိုင်ရီ တက္ကသိုလ် Doctor of
Humane Letters, (Honoris Causa) ဘွဲ့
၂၀၁၅-ဇွန် နိုင်ငံတော်သမ္မတ၏ ပညာရေး အကြံပေးအဖွဲ့
အဖွဲ့ဝင်
၂၀၁၈ ပခုက္ကူဦးအုန်းဖေ တစ်သက် တာ စာပေဆုရ
- Log in to post comments