
ရန်ကုန် နိုဝင်ဘာ ၁
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီဖြစ်သောကြောင့် ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ နယ်စပ်ဒေသ မြို့နယ် ၄၆ မြို့နယ်ရှိ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးရှိ စာသင်ကျောင်းများ၊ (ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်)တို့ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ သို့ပါ၍ အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပြန်လည်ပွင့်လန်း လာပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်း ပေါင်း ၂၇၅၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ပေါင်း ၂၄၄ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၂၃၀ စုစုပေါင်း ၃၂၃၂ ကျောင်းတို့မှ ကျောင်းအပ်နှံထားသူ ကျောင်းသား ကျောင်းသူပေါင်း ၅၃၀၄၃၀ ရှိရာ ယနေ့တွင် ၈၃၂၇၈ ဦး အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ယနေ့ ကျောင်းစတင်ဖွင့်ခြင်းနှင့် စပ်လျဉ်း၍ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူ များကို မြန်မာ့သတင်းစဉ်မှ တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါ သည်။
မဆုမြတ်နိုး(Grade-1)
သမီးက အထက(၂)လသာမှာ ပညာ သင်ကြားနေပါတယ်။ သမီး ဒီနေ့ ဆရာမ၊ သူငယ်ချင်းတွေနဲ့အတူ ABCD သီချင်း ကို သံပြိုင်ဆိုရပါတယ်။ အဲဒီလိုဆိုရတာ ပျော်ပါတယ်၊ ကျောင်းပြန်တက်ရတာ စာတွေသင်ရတာ သမီးပျော်ပါတယ်။ သမီးအနေနဲ့ ကျန်တဲ့ သူငယ်ချင်းတွေကို ကျောင်းအတူတူပြန်တက်ဖို့ ဖိတ်ခေါ်ချင် ပါတယ်၊ စာတွေ အတူတူ သင်ရအောင်ပါ။
ဒေါ်ဟင်္သာဝေ(မူလတန်းပြ)
အထက(၂) လသာ
ကျွန်မသင်တဲ့အတန်းက Grade-1 (A)ပါ။ ကျွန်မအနေနဲ့ ကူးစက်ရောဂါတွေ လျော့ပါး သက်သာလာပြီး အခုလိုကျောင်း ပြန်ဖွင့်တာ အလွန်ဝမ်းသာပါတယ်။ ကလေးတွေ ဒီနှစ် အတန်းပြီးတဲ့အထိ စာသင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ စာလည်း သင်ချင်နေပြီ တပည့်တွေနဲ့ လည်း တွေ့ချင်နေပါတယ်။ ကလေးတွေ က ကျောင်းပိတ်ထားတာကြာတော့ အိမ်မှာ စားလိုက်၊ အိပ်လိုက်နဲ့ပဲ အကုန် ခန္ဓာကိုယ်တွေ ကြီးထွားလာကြပြီ။ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းတွေအတိုင်း ခုံတွေခြားပေးထားတယ်။ အပူချိန်တိုင်း တယ်၊ လက်ဆေးရမယ်၊ စာသင်ချိန် Mask တပ်ထားရမယ်၊ စာသင်ချိန်က နံနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာ ကျောင်းဆင်းပါမယ်။ စာသင်ချိန် တစ်ချိန် ကို မိနစ် ၄၀ နဲ့ စာသင်ချိန် တစ်နေ့ ခုနစ် ချိန် သင်ကြားပေးပါတယ်။ တစ်ပတ်ကို စာသင်ချိန် ၃၅ ချိန်ရှိပါတယ်။ ကလေး တွေကို ထမင်းစားတဲ့အခါမှာလည်း ကိုယ့်ခုံမှာကိုယ် စနစ်တကျ သီးသန့်စားဖို့ ပြောထားပါတယ်။ ကျောင်းသားတွေ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပြီးတဲ့အတွက် စာသင်ကြားဖို့အတွက် အများကြီး အထောက်အကူပြုလာပါ တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကာကွယ်မှုတွေ နည်းနည်းရှိလာပါတယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးတွေ ထိုးထားတဲ့အတွက် အများကြီးအကျိုးရှိ ပါတယ်။
မအိန္ဒြေမြင့်မိုရ်(Grade-9)
ဒီတစ်ခေါက်မှာ ကိုဗစ်ကာကွယ်ဆေး လည်း ထိုးထားတယ်ဆိုတော့ ရောဂါ ကူးစက်မှုက နည်းနည်းလျော့ကျသွားမယ် လို့ ထင်ပါတယ်။ သမီးတို့က ပညာလိုလား သူတွေမို့ ကျောင်းကို မတက်မဖြစ်တက် ရမှာပဲ။ သမီးတို့ ကျောင်းပိတ်လိုက်တဲ့ အချိန်မှာ အတိုင်းအတာ တစ်ခုအထိ စာတွေ ပြတ်လပ်သွားခဲ့တယ်။ တချို့ဆို စိတ်ပျက်သွားတာမျိုးတွေ ဖြစ်နေကြ တယ်။ အဲဒါကြောင့် သမီးကတော့ ကျောင်းကို မဖြစ်မနေတက်တယ်။ သမီး စာတွေနဲ့ အဆက်မပြတ်ချင်ဘူး၊ ကျောင်း တွေ ပြန်ဖွင့်လိုက်တဲ့အတွက် ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး ရင်းနှီးမှု တွေပြန်ရတဲ့အတွက် ဝမ်းသာပါတယ်။ အဲဒီအတွက် နိုင်ငံတော်အစိုးရကို အလွန် ကျေးဇူးတင်ပါတယ်ရှင့်။
မဟန်လဲ့ယဉ်(Grade-7)
ကျောင်းတွေ ပြန်ဖွင့်ပြီး ဆရာမ တွေ၊ သူငယ်ချင်းတွေနဲ့အတူ ကျောင်း သင်ခန်းစာတွေ ပြန်လည်သင်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။သမီးတို့ကျောင်း ကို စဝင်ကတည်းက အပူချိန် တိုင်းတယ်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျဆေးရ တယ်၊ ကျောင်းစတက်တာနဲ့ နိုင်ငံတော် သီချင်းသီဆိုရတာ ဂုဏ်ယူပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသလို ခံစားရပါတယ်။ ပညာတတ်မှ လည်း နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မှာပါ။
ကျောင်းသားမိဘတစ်ဦး
ကျောင်းတွေ ပြန်ဖွင့်တဲ့အတွက် ကျောင်းသားမိဘတစ်ဦးအနေနဲ့ စိတ် ပျော်ရွှင်မိပါတယ်။ ကျောင်းတွေအကုန် ပြန်ဖွင့်ပြီး ကျောင်းသားတွေကို ပျော်ပျော် ရွှင်ရွှင်နဲ့ ကျောင်းအကုန်ပြန်တက်စေချင် တယ်၊ နိုင်ငံတစ်ဝန်းမှာ ကျောင်းတက် ခေါင်းလောင်းသံလေးတွေကို ကြားစေချင် တယ်၊ တိုင်းပြည်အနာဂတ်တိုးတက်ရေး မှာ ပညာရေးကဏ္ဍက ဆက်စပ်လျက် ရှိတာမို့ နိုင်ငံတော်တည်ဆောက်ရေးမှာ အသိပညာ အတတ်ပညာကိုလည်း ရစေ ချင်တယ်။ ဒါကြောင့်ပညာရေးကဏ္ဍက အရေးကြီးပါတယ်၊ ခုလို ကျောင်းတွေ ပြန်ဖွင့်ပေးတဲ့အတွက် ကျောင်းသားမိဘ တစ်ဦးအနေနဲ့ အများကြီးဝမ်းသာပါတယ်၊ ပြန်ဖွင့်ပေးတဲ့ သက်ဆိုင်ရာကိုလည်း ကျေးဇူးတင်ပါတယ်။
အလယ်တန်းပြဆရာမတစ်ဦး
ကျွန်မတို့ကျောင်း အထက်တန်းက နံနက် ၇ နာရီ ၁၅ မိနစ်မှာတက်ပါတယ်၊ အလယ်တန်းနဲ့ မူလတန်းက နံနက် ၈ နာရီမှာ တက်ပါတယ်။ ကျောင်းသား တွေကို ကျောင်းဂိတ်ဝမှာကတည်းက အပူချိန်တိုင်းပါတယ်၊ လက်ကိုစနစ် တကျ ဆေးရပါတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာပြီး ကျောင်းထဲဝင်ရပါတယ်၊ ကျောင်းခန်းထဲမှာလည်း ခြောက်ပေခွာ ပြီး ထိုင်ခိုင်းပါတယ်။ အခန်းတိုင်းရှေ့မှာ လက်ဆေးဘေစင်တွေ ထားထားပေး ပါတယ်၊ ကိုဗစ်ဖြစ်လိုက်တဲ့အတွက် ကျောင်းပိတ်လိုက်ရတယ်၊ ကျောင်းသား ကျောင်းသူတွေအတွက်ရော၊ မိဘတွေ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ နစ်နာ ခဲ့ရတယ်။ အခုတော့ ကျောင်းတွေပြန်ဖွင့် တဲ့အတွက် ကျွန်မတို့အားလုံးအတွက်
ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နိုင်ငံတစ်ခုကို တည်ထောင်တဲ့အခါမှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ဦးဆောင်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျောင်းတွေ ပြန်ဖွင့်လိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ် ရပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အရေး သည် ပညာရေးနဲ့ ဆက်စပ်နေတာမို့ အတန်းပညာမှသည် အသိပညာရရပါ တယ်။ အသိပညာမှသည် အတတ်ပညာ ရရပါမယ်၊ အသိပညာ၊ အတတ်ပညာရှိ သူတွေနဲ့ပဲ နိုင်ငံတော်ကြီးကို တည်ထောင် ရမှာဖြစ်တဲ့အတွက် ကျောင်းတွေ အမြန် ဖွင့်လှစ်နိုင်ရေးဟာ နိုင်ငံအတွက် အရေးပါ လှပါတယ်။ အဲဒါကြောင့် မြို့ပြမှသည် ကျေးလက်ဒေသအဆုံး ကျောင်းတွေ ဖွင့်စေချင်ပါတယ်။ နိုင်ငံအနှံ့ ကျောင်း တက် ခေါင်းလောင်းသံတွေ လွင့်ပျံစေချင် ပါတယ်။ သတင်း၊ ဓာတ်ပုံ - မွှေးမွှေး