
နေပြည်တော် မတ် ၁
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)(ဗဟို)က ကြီးမှူးကျင်းပသော ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ် သြဝါဒါစရိယ ဆရာတော်များအား ဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ကလေးဝတောရ ကျောင်းတိုက်၌ပြုလုပ်ရာ ပိဋကသုံးပုံနိကာယ် စာသင် တိုက်၏ ပဓာန နာယက၊ မော်ကျွန်းဆရာတော် ရွေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် အသင်းဝင်များ တက်ရောက်ကြသည်။
တရားတော်များနာယူ
အခမ်းအနားသို့ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်ကျွန်းဆရာတော် ထံမှ ငါးပါးသီလနှင့် သြဝါဒကထာခံယူကာ သံဃာ တော်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်သော ပရိတ် တရားတော်များ နာယူကြသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌက အသင်းကြီး၏ ဆောင်ရွက်ချက်များ ကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဘွဲ့တံဆိပ်တော်များ ကပ်လှူရခြင်းအကြောင်းကို လည်းကောင်း လျှောက်ထားကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် YMBA အသင်းမှ တာဝန်ရှိသူ များက ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ် YMBA အသင်း သြဝါဒါစရိယဆရာတော်များအား ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းကြသည်။
လှူဖွယ်ပစ္စည်းဆက်ကပ်
ထို့ပြင် YMBA အသင်းမှ တာဝန်ရှိသူများက လူပုဂ္ဂိုလ်များဆိုင်ရာ သာသနာပြု သုဓမ္မမဏိဇောတ ဓရ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းခံရသော ရန်ကုန် တိုင်းဒေသကြီး YMBA အသင်း ဘဏ္ဍာရေးမှူးနှင့် မရမ်းကုန်းမြို့နယ် YMBA အသင်းနာယက ဦးနေဝင်းမောင်အား ထပ်ဆင့်ဂုဏ်ပြုပြီး ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်း မှူးနှင့် YMBA အသင်းမှ တာဝန်ရှိသူများက သံဃာတော်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်၍ တက်ရောက်လာ ကြသူများက နယ်လှည့်ဓမ္မကထိက ဓမ္မဒူတ ဆရာတော် ဘဒ္ဒန္တပညာဝရထံမှ အနုမောဒနာ တရား နာယူကာ ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
သတင်းစဉ်