
ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးလှစိုးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် လျှပ်စစ် မြစ်ရေတင် စီမံကိန်းများကို အောက်တိုဘာ ၂၇ ရက်က ကွင်းဆင်းစစ်ဆေးသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် အား မြောင်းတကာ မြစ်ရေတင် စီမံကိန်း လုပ်ငန်းခွင်ရုံး၌ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး နှင့် တာဝန်ရှိသူများက ကျေးလက် နေဒေသခံ ပြည်သူလူထု၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားလာစေရေးအတွက် နွေ စပါးစိုက်ပျိုးရေ လုံလောက်စွာ ရရှိရန် စီမံကိန်းဧက ၈၀၀ လုပ်ငန်းဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီးမြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်း ယခု နှစ် နွေစပါးဧက ၁၃၀၀၀၀ စိုက်ပျိုးရန် လျာထားသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိနိုင်ရန်နှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများတွင် လိုအပ်သည် များ ကူညီပံ့ပိုးပေးမည် ဖြစ် ကြောင်း ပြောကြားပြီး လုပ်ငန်း ခွင် ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် တဘူးလှဆည် ရေသောက်စနစ်ဖြင့် တိုက်ကြီး မြို့နယ်အတွင်း ကျေးရွာများသို့ စိုက်ပျိုးရေ ပေးဝေနေသည့် ရင်းတိုက်ကွင်းကျေးရွာ လက်ဝဲ မြောင်းမကြီးမှ ရေလွှတ်ပေးနေ မှုများ၊ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် သဘာဝ မြေဆွေးဖြင့် စိုက်ပျိုးသည့်မိုးစပါး တစ်ဧကတင်း ၁၀၀ ထွက်ရှိရေး တောင်သူပညာပေးဧက ၁၀၀ စံပြ ကွက်နှင့် သဘာဝမြေဆွေးလုပ် ဆောင်ထားရှိမှုများကို ကြည့်ရှု အားပေးသည်။
ဆန်းကျော်ဦး
(ပြန် /ဆက်)