ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုရေးအဖွဲ့အစည်းများအား ထောက်ပံ့စရိတ်နှင့် ကျန်းမာရေးအကာအကွယ်ပစ္စည်းများ ပေးအပ်

 

ရန်ကုန်   စက်တင်ဘာ    ၂၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ     ပရဟိတလူမှုရေးအဖွဲ့အစည်းများ အား ထောက်ပံ့စရိတ်နှင့် ကျန်းမာရေးသုံးကာကွယ်ရေးပစ္စည်းများကို      တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယမန်နေ့က  ပေးအပ်သည်။ 


တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးလှစိုးက တိုင်းဒေသကြီးအတွင်း    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပရဟိတအဖွဲ့များ   ပါဝင်ကူညီဆောင်ရွက်မှုများအပေါ်  မှတ်တမ်းတင် ဂုဏ်ပြုကြောင်းနှင့်   ရှေ့ဆက်ဆောင်ရွက်ရမည့်     လုပ်ငန်းများအတွက် လိုအပ်မည့်ငွေ​ကြေးများ၊  ခရီးစရိတ်များ၊ စက်သုံးဆီစရိတ်များ၊  ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို   ခရိုင်လေးခုကိုယ်စားပြု၍ ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ပရဟိတလူမှုရေးအဖွဲ့အစည်းများအတွက် ထောက်ပံ့သည့်  တစ်လစာ  စားသောက်စရိတ်၊ စက်သုံးဆီစရိတ်၊    ခရီးစရိတ်အဖြစ်   ငွေကျပ် ၇၃၁၀၂၅၀၀၀ ကို တိုင်း ဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီး  လူမှုဝန်ထမ်း ဦးစီးဌာနမှ  ထောက်ပံ့သော တန်ဖိုးငွေကျပ် ၃၃၆၉၉၀၀၀  တန်ဖိုးရှိ  ရောဂါကာကွယ်ရေးသုံးပစ္စည်း ကိုးမျိုးကို   တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးဝင်းတင့် နှင့်   လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတို့ကလည်းကောင်း    ပရဟိတအဖွဲ့များ၏ ကိုယ်စား လှယ်များထံ ထောက်ပံ့ပေးကြသည်။


ထောက်ပံ့ပေးအပ်ပွဲအပြီးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ပြုလုပ်ကာ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာကေသီကျော်က ပရဟိတအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုကိုလည်းကောင်း၊  တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ဦးမင်းစမ်းအေးက       ဌာန၏    လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊  ခရိုင်အုပ်ချုပ်ရေးမှူးများက   မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များမှ ပရဟိတအဖွဲ့များ၏  လိုအပ်ချက်များ ၊ အားနည်းချက်/အားသာချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆန်းကျော်ဦး(ပြန် /ဆက်)