ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးပစ္စည်းများနှင့် စားသောက်ကုန်များ ဈေးနှုန်းမှန်ကန်စွာ လက်လီလက်ကား ရောင်းချပေးလျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ    ၂၈


ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး နှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေး တို့အတွက်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာ အဖြစ်   ပန်းဘဲတန်းမြို့နယ်   ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ   မြန်မာအပြည်ပြည် ဆိုင်ရာ   ကုန်သွယ်မှုဗဟိုဌာန   အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ခုနစ်ခုမှ  အိမ်သုံးဆေးဝါး ၁၀၅ မျိုး ရောင်းချပေးခဲ့သည်။

 


အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည့်   အလုံမြို့နယ်    ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌ လည်း   ယနေ့တွင်   ဆက်လက်ရောင်းချပေးလျက် ရှိသည်။

 


ထို့ပြင်   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း  ရွေ့လျားဈေးကားဖြင့်  ဆန်၊  ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်