ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ (၃၃/၁၁) ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပ

Image not available
 
နေပြည်တော် ဖေဖော်ဝါရီ ၉
 
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ (၃၃/၁၁) ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
 
၁၀၀ ရာခိုင်နှုန်းအထိ ဓာတ်အားရရှိအောင် ဆောင်ရွက်
 
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က အမှာစကားပြောကြားရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းတွင် ကျေးရွာ ပေါင်း ၁၀၃၁ ရွာရှိသည့်အနက် ၂၀၁၈ ခုနှစ်တွင် ရွာပေါင်း ၄၇၅ ရွာကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့၍ ၄၆ ရာခိုင်နှုန်းခန့်သာရရှိခဲ့သည်။ ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ပိုင်းခရိုင်အတွင်း ၁၂၃ ရွာကို ထပ်မံ၍ ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၉၈ ရွာ ဓာတ်အား ရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားရရှိမှုအနေဖြင့် ၅၈ ရာခိုင်နှုန်းခန့်အထိရရှိခဲ့ ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်ကျေး လက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေးစီမံဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ကျေးရွာပေါင်း ၁၀၈၅ ရွာသာ မီးလင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၆၉ ရွာ ထပ်မံမီးလင်းခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့်အထိ လျှပ်စစ် ဓာတ်အား ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထပ်မံ၍ ၄၉၅ ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်း အားဖြင့် ၈၇ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်မည် ဖြစ်သည့် အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ကျန်ရှိသည့် ၂၅၉ ရွာကို လျှပ်စစ်ဓာတ်အား ရရှိရေးဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အနက် ယခုဆောင်ရွက်ပေးခဲ့သော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တွံတေး မြို့နယ်သည် ဧရိယာ ၂၇၉ ဒသမ ၀၉ စတုရန်းမိုင် ကျယ်ဝန်းကာ မြို့ပေါ် ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၂၃၅ ရွာရှိသည့် အနက် မြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်နှင့် ကျေးရွာ ၁၂၁ ရွာတို့ကိုသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခု (၃၃/၁၁) ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယ ဓာတ်အားခွဲရုံတစ်ရုံ၊ ထရန်စဖော်မာအလုံး ၂၀၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၉ ဒသမ ၅၂ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၂၅ ဒသမ ၁၃ မိုင်နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂၃ ဒသမ ၄ မိုင်တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်း ဒေသကြီး ရန်ပုံငွေ ၂၄၇၂ ဒသမ ၅၀၅ သန်း အသုံးပြုကာ တည်ဆောက်ပေးခဲ့သည့် အတွက် ကျေးရွာပေါင်း သုံးရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နောက်ထပ်ကျေးရွာ ၂၈ ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃၄၃၅ စု ထပ်မံဓာတ်အားရရှိမည်ဖြစ်ပါကြောင်း။
 
ဝိုင်းဝန်းကူညီ
 
ဤဒေသရှိ မိဘပြည်သူများအနေဖြင့် ယခင်ကမရရှိခဲ့သည့် လျှပ်စစ် ဓာတ်အားများ ရရှိလာသည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တို့တွင် အစစအရာရာတိုးတက်ပြောင်းလဲလာမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီး ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံး ကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားပြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် တွံတေးမြို့နယ် ခတ္ထိယရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးတို့က ဓာတ်အားခွဲရုံဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားကြသည်။
 
ယင်းနောက် (၃၃/၁၁) ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်လျှပ်စစ်သတ္တုနှင့် သစ်တောရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ရှိန်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးနှင့် ဦးနေနိုင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
 
ထို့နောက် (၃၃/၁၁) ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကမ္ပည်းကျောက်စာမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေးတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး (အပေါ်ဝဲပုံ) အမွှေးနံ့သာရည် များ ပက်ဖျန်းပေးကြကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်