
နေပြည်တော် နိုဝင်ဘာ ၂၈
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)က ကြီးမှူး ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး၏ ရာသက်ပန်နာယကကြီး၊ သတိုးသီရိ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ မဟာသရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာအား ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း(ဗဟို)ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဖတ်ကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့အကြောင်း ပြောကြားကာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်သည်။
နှုတ်ခွန်းဆက်စကားပြောကြား
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ ၂၀၂၂-၂၀၂၄ အတွက် လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်မည့် အလုပ်အမှုဆောင် အမည်စာရင်းကြေညာခြင်းနှင့် ကျမ်းသစ္စာပြုခြင်းကို ဆောင်ရွက်ကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌအသစ် အဖြစ် ပြန်လည်တင်မြှောက်ခြင်းခံရသော ဦးရဲထွန်းက နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။
ထို့နောက် ဇာတိမာန်သီချင်းအား စုပေါင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်