ရန်ကုန်တိုင်းအတွင်း ပဲတီစိမ်း ၃၅၈၈၃၃ ဧက စိုက်ပျိုးထားရာ ၁၆၃၉၃၇ ဧက ခူးဆွတ်ထား

 

ရန်ကုန်    ဧပြီ   ၁


ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပဲမျိုးစုံသီးနှံ  ဧက  လေးသိန်းကျော် စိုက်ပျိုးသည့်အနက် ပဲတီစိမ်း ၃၅၈၈၃၃ ဧက  စိုက်ပျိုးခဲ့ပြီး ၁၆၃၉၃၇ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် ၁၄ ဒသမ ၆၂ တင်းနှုန်းထွက်ရှိခဲ့၍ ဧပြီလအထိ ပဲတီစိမ်းများကို ခူးဆွတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


ပဲတီစိမ်းစိုက်ပျိုးသော တောင်သူအချို့မှာ ယခုနှစ်တွင် နေကြာကိုစမ်းသပ်စိုက်ပျိုးကြခြင်း၊  ရာသီဥတုအခြေအနေကြောင့် ပဲတီစိမ်းစိုက်ပျိုး ရန် မြေပြုပြင်မှုနောက်ကျခြင်းတို့ကြောင့် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုမှာ ယမန်နှစ်ထက် အနည်းငယ်လျော့သွားသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိုးမြှင့်စိုက်ပျိုးထားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ယမန်နှစ်က ပဲတီစိမ်းတစ်ဧကလျင် ၁၄ ဒသမ ၉၃ တင်း ထွက်ရှိ သောကြောင့် တိုင်းဒေသကြီးအတွင်း တင်းပေါင်း ၅၃ သိန်းကျော် ထွက်ရှိ ခဲ့သည်။

 


“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ပဲတီစိမ်းနဲ့နွေစပါးကို စိုက်ပျိုး ခဲ့တာရှိတယ်။ ပဲတီစိမ်းဆိုရင် မြို့နယ်ပေါင်း ၁၁ မြို့နယ် စိုက်ပျိုးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက ထွက်ရှိတဲ့ ပဲတီစိမ်းကို EU ကို ပို့တာရှိတယ်။ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဆိုရင် GAP နည်းစနစ်နဲ့အောင်မြင် နေကြတယ်။ ပဲတီစိမ်းကို တောင်သူတွေလည်း အားပြုစိုက်ပျိုးခဲ့ကြသလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ပံ့ပိုးပေးထားကြောင့် နောင်နှစ်တွေမှာ လည်း ဆက်လက်စိုက်ပျိုးနိုင်အောင် အခုကတည်းက စာရင်းပြုစုနေကြ ပါပြီ။ လာမယ့်နှစ်တွေမှာလည်း ရန်ကုန်တိုင်းမှာ ပဲတီစိမ်းကို  ဧက တိုးမြှင့်စိုက်ပျိုးဖို့ ကြိုးစားသွားမှာပါ”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးမှုမှာ အားကောင်း လျက်ရှိရာ ပြည်တွင်းစားသုံးလျက်ရှိသည့်   ပဲပင်ပေါက်၊  ပဲတီစိမ်းမှ ထုတ်လုပ်သော စားသောက်ကုန်များနှင့် ပြည်ပပို့ကုန်အဖြစ်  အားထား ရသော   သီးနှံတစ်ခုဖြစ်သည်။   

ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး