ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဈေး ၁၈၄ စျေးနှင့် ပုဂ္ဂလိကပိုင်စျေး ၉၂ စျေးကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်

 

ရန်ကုန်   နိုဝင်ဘာ  ၃


ကိုဗစ်ကာလ အများပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသည့်အနေ ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဈေးများအား ကိုဗစ်-၁၉ ရောဂါ ကြောင့် ယာယီပိတ်ထားရာ ယခုအခါ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်-၁၉ ရောဂါကို အတော်အသင့်ထိန်းချုပ်နိုင်ပြီဖြစ်၍       ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လက်အောက်ရှိ မြို့နယ်ပေါင်း  ၃၃ မြို့နယ်မှ ဈေးပေါင်း ၁၈၄ စျေးနှင့် ပုဂ္ဂလိကပိုင်စျေးပေါင်း ၉၂ စျေးကို နိုဝင်ဘာ ၁ ရက်မှစတင်ကာ   ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

 


 ‘‘နိုဝင်ဘာ ၁ ရက်ကစပြီး စျေးတွေပြန်ဖွင့်ပြီဆိုတဲ့အကြောင်း စျေးအသီးသီးက  ဗီနိုင်းများ၊  ပိုစတာများချိတ်ဆွဲပြီးအသိပေးထား ကြပါတယ်။ အရင်တုန်းကစျေးတွေပိတ်ထားတယ်ဆိုပေမယ့်  ဆေးဝါး နဲ့ အခြေခံစားသောက်ကုန်တွေ    တွဲဖက်ပါဝင်ရောင်းချတဲ့စျေးက ဆိုင်ခန်းတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။ နိုဝင်ဘာ ၁ ရက်ကစပြီး အရင်အတိုင်း ရောင်းကုန်တွေကို    ကန့်သတ်ချက်မရှိတော့ဘဲ အကုန် ဖွင့်ခွင့်ပြုလိုက်တာပါ။  စျေးတွေမှာလိုက်နာရမယ့်    ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားတဲ့  Version 3.1  နဲ့အညီ ဖွင့်ခွင့်ပြုလိုက်ပါတယ်’’ဟု စျေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 


လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက် ၌ ဈေးစုစုပေါင်း ၁၈၄ ဈေးရှိရာ အရှေ့ပိုင်းခရိုင်၌  ၅၄ စျေး၊ အနောက် ပိုင်းခရိုင်၌ ၂၈ စျေး၊ တောင်ပိုင်းခရိုင်၌ ၄၁ စျေးနှင့် မြောက်ပိုင်းခရိုင်၌ ၆၁ စျေးရှိပြီး ပုဂ္ဂလိကပိုင်စျေးပေါင်း ၉၂ စျေးရှိကြောင်း၊   တရားဝင် ယာယီပိတ်ထားသော ဈေးများ   ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ စျေးများ ဖွင့်လှစ်ပြီဆိုပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရန် ခက်ခဲသည့်အတွက်ကြောင့် ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်လိုအပ်ပြီးစျေးရောင်းသူနှင့်ဝယ်ယူသူ ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်း များနှင့်အညီ ရောဂါကာကွယ်ရေးနည်းလမ်းများကို   တိကျစွာလိုက်နာ ရန် လိုအပ်မည်ဖြစ်ကြောင်း         ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။    

အာကာစိုး