
ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရန်ကုန်မြို့၏ ပထမ ဆုံး ရေဂါလန် တစ်သိန်းဆံ့ ရေစုကန် (RC Ground Tank)ကို မြို့တော်ခန်းမရှေ့ ၌ တည်ဆောက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။
“ရေစုကန် တည်ဆောက်ရေးစီမံ ကိန်းကို ဇန်နဝါရီ ဒုတိယပတ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားပါ တယ်။ အဓိကကတော့ ဆူးလေဘုရား လမ်းတစ်ဝိုက်နဲ့ မဟာဗန္ဓုလလမ်း တစ်လျှောက်အပါအဝင် မြို့တော်ခန်းမ ဝန်းကျင်မှာ မိုးတွင်းကာလ နှစ်စဉ်နှစ် တိုင်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေ တာမို့ မိုးတွင်းကာလ ရေကြီးရေလျှံ ဖြစ်ပေါ်တာကို ဒီရေစုကန်မှာစုပြီး မိုးတိတ်သွားတဲ့အချိန်မှာ ပန့်နဲ့စုပ်ထုတ် ဖို့အတွက် တည်ဆောက်နေတာဖြစ်ပါ တယ်။ အချိန်ကြာမိုးရွာသွန်းနေရင်လည်း ပန့်နဲ့စုပ်ထုတ်မှာဖြစ်သလို မြောင်းကျော် လာတဲ့ရေတွေကိုပါ ပန့်နဲ့စုပ်ထုတ်မှာ ဖြစ်ပါတယ်၊၊ ဒါ ရန်ကုန်မြို့မှာ ပထမ ဦးဆုံးဆောက်လုပ်တဲ့ မိုးရေကိုစုမယ့် ကန်ဖြစ်ပြီး မိုးကြီးတာနဲ့ လမ်းပေါ် ရေတင်မှုအတွက် ပထမဦးဆုံး တည် ဆောက်လိုက်တဲ့ မိုးရေစုကန်လည်းဖြစ် ပါတယ်။ ဒီမိုးရေစုကန် တည်ဆောက် ပြီးစီးသွားပြီဆိုရင်တော့ နှစ်စဉ် မိုးတွင်း ကာလမှာ ပြည်သူတွေကြုံတွေ့နေကြရတဲ့ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိတော့ဘဲ မြို့ထဲပတ်ဝန်းကျင် ဖြတ်သန်းသွားလာ နေကြတဲ့ ပြည်သူတွေအနေနဲ့ အေးချမ်း သာစွာ ဖြတ်သန်းသွားလာနိုင်ကြ တော့မှာဖြစ်ပါတယ်”ဟု အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးအေးက ပြောသည်။
အဆိုပါ ရေဂါလန်တစ်သိန်း ဝင်ဆံ့ မည့် ရေစုကန်သည် အလျား ပေ ၇၀ ၊ အနံ ၃၃ ပေ နှင့် အနက် ခုနစ်ပေရှိသည်။ ရေစုကန် တည်ဆောက်ပြီးစီးပါက ဆူးလေဘုရားလမ်းတစ်ဝိုက်နှင့် မဟာ ဗန္ဓုလလမ်းတစ်လျှောက် အပါအဝင် မြို့တော်ခန်းမဝန်းကျင်၌ နှစ်စဉ် မိုးတွင်း ကာလတွင်ဖြစ်ပေါ်သော ရေကြီးရေလျှံမှု များ ပပျောက်သွားမည်ဖြစ်ပြီး ရေစီး ရေလာ ကောင်းမွန်စေမည်ဖြစ် ကြောင်း၊ ရေစုကန်တည်ဆောက်ရေး စီမံကိန်းကို နိုဝင်ဘာ ၂၁ ရက်ကလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုးရာသီကာလအတွင်း မိုးသည်း ထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ ရှိသဖြင့် မိုးရေများကို ယာယီသိုလှောင် နိုင်ရန် တည်ဆောက်နေခြင်းလည်း ဖြစ်ရာ လမ်းပေါ်မှရေများကို ရေစုကန် အတွင်း နည်းလမ်းအဖုံဖုံဖြင့်စီးဝင်စေ၍ ယာယီ ရေစုသိုလှောင်ပြီး မဟာဗန္ဓုလ လမ်းရှိ ယခင် မြေအောက်ရေမြောင်း မှတစ်ဆင့် မဟာဗန္ဓုလပန်းခြံအတွင်းရှိ အနက် ငါးပေ ရေမြောင်းထဲသို့ စီးဆင်း စေမည်ဖြစ်ကာ ဆူးလေဘုရားလမ်း မြစ်ထွက်ပေါက်မှတစ်ဆင့် ရန်ကုန် မြစ်အတွင်းသို့ ရေများစီးထွက်နိုင်ရန် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
အာကာစိုး၊ ဓာတ်ပုံတင်စိုး