
ရန်ကုန် နိုဝင်ဘာ ၁
တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ မြို့နယ်ပေါင်း ၄၆ မြို့နယ်မှ အခြေခံပညာကျောင်းများမှအပ ကျန်မြို့နယ်အားလုံးတွင်ရှိသော အခြေခံပညာဦးစီး ဌာနအောက်ရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များကို ယနေ့ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့၏ ခရိုင်လေးခုအတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကိုလည်း ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ မြောက်ပိုင်းခရိုင်အတွင်း၌ ကျောင်းသား ကျောင်းသူ ၄၀ ဒသမ ၃၄ ရာခိုင်နှုန်း ပြုံးပန်းဝေဆာစွာ စာသင်ကျောင်းများသို့ တက်ရောက်ပညာသင်ကြား ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသားဦးရေ အများဆုံး ပညာသင်ကြားလျက်ရှိသည့် မြောက်ပိုင်း ခရိုင်၌ မြို့နယ်ပေါင်း ကိုးမြို့နယ်ရှိရာ စာသင်ကျောင်း ပေါင်း ၁၁၉၂ ကျောင်းနှင့် ကျောင်းသား ကျောင်းသူ ပေါင်း ၄၉၆၇၅၃ ဦးရှိသည့်အနက် ကျောင်းများ စတင် ဖွင့်လှစ်သည့်အချိန်က ကျောင်းသား ကျောင်းသူ ၂၄၄၁၇၃ ဦး အပ်နှံခဲ့ပြီး ၉၈၅၀၇ ဦး တက်ရောက်ခဲ့ သည်။
“ဒီနေ့မှာ နိုင်ငံတစ်ဝန်းက ကျောင်းတွေဖွင့်တဲ့ အတွက် မြောက်ပိုင်းခရိုင်အတွင်းက ကျောင်းတွေ အားလုံးလည်း ဖွင့်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေအနေနဲ့ ကိုဗစ်ကာလမှာ ကျောင်းပိတ်ထားတာ ကြောင့် စာသင်ခန်းနဲ့ဝေးပြီး ကျန်းမာရေးအတွက် စိတ်ပူနေတဲ့အချိန်မှာ နိုင်ငံတော်က ကျောင်းတွေ ပြန်ဖွင့်နိုင်မှုအပေါ် တက်တက်ကြွကြွနဲ့ ကျောင်းတက် ကြတာတွေ့ရတော့ အားလုံးဝမ်းသာနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပီတိဖြစ်ပြီး ဝမ်းသာမိ ပါတယ်”ဟု မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
“ကျောင်းပိတ်ခဲ့တာကလည်း ကမ္ဘာ့ကပ်ရောဂါ ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့ အညီ ပိတ်ခဲ့တာပါ။ အခုလို ကျောင်းတွေ ပြန်ဖွင့်နိုင် ဖို့ ပြီးခဲ့တဲ့လကတည်းက အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။ ပညာရေးယန္တရား ဆက်လက် လည်ပတ်မှုအပေါ် အထူးပဲ ဝမ်းမြောက်မိပါတယ်။ ကလေးတွေအတွက် ရှေ့ဆက်မယ့် ပညာရေးခရီး ရပ်တန့်သွားမှာကိုပဲ စိုးရိမ်ရတာပါ။ အခုလိုကျောင်း တွေ ပြန်ဖွင့်နိုင်မှုအပေါ် အထူးပဲဝမ်းသာမိပါတယ်”ဟု မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒေါက်တာသင်းမာလာ က ပြောသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တစ်ခုဖြစ်သည်နှင့်အညီ ပညာသင်ကြားရေး ကျောင်းများ အများဆုံးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်မှုဖြင့် ကျောင်းများ ယာယီပိတ်ခဲ့၍ ယနေ့တွင် ကျောင်းသား ကျောင်းသူ များ မျှော်လင့်နေသော စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းခရိုင်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာတက္ကသိုလ် ကျောင်းပေါင်း ၁၀ ခုရှိပြီး အခြေခံပညာကျောင်း နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၁၉၂ ကျောင်းရှိသည်။
ဓာတ်ပုံ - ကနူး၊ ညိမ်းသူ(သတင်းစဉ်)