
နေပြည်တော် ဇန်နဝါရီ ၃၁
ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ၌ မလွှကုန်းမှ မြို့ဟောင်း ခရီးစဉ် အဖြစ် ထွက်ခွာလာသည့် အမှတ် (၉၀၁) အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပိန်းဇလုပ်ဘူတာမှ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ပိန်းဇလုပ်ဘူတာနှင့် ကျောက် တံခါးဘူတာအကြား မိုင်တိုင် အမှတ် ၁၀၃/၁၂ - ၁၃ အကြားရထား ခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၄၂ မိနစ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထား သည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင် ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်း နောက်ကပ်လျက် ကုန်တွဲသုံးတွဲ တို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန် ထွက်ခွာလာသော အမှတ်(၁၁) အဆန် လူစီးရထားသည် နံနက် ၉ နာရီ မိနစ် ၄၀ တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ညောင်လေးပင်ဘူတာ၌ ခေတ္တ ရပ်နားခဲ့ရပြီး မြန်မာ့မီးရထားက ခရီး သည် ၂၀၈ ဦးအား မော်တော်ယာဉ်ခုနစ်စီး ဖြင့် တောင်ငူဘူတာသို့ ပို့ဆောင်ပေးခဲ့ သည်။ ထို့အပြင် မန္တလေးမှ ထွက်ခွာလာ သည့် အမှတ် (၁၂) အစုန်ရထားသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် တောင်ငူ ဘူတာသို့ ရောက်ရှိခဲ့ရာ ညောင်လေးပင်မှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးဘက်သို့ အမှတ်(၁၁)အဆန်ရထားအဖြစ် ပြန်လည် ထွက်ခွာပို့ဆောင်ပေးခဲ့သည်။ တောင်ငူ ဘူတာသို့ရောက်ရှိနေသည့် အမှတ်(၁၂)အစုန်ရထားနှင့် အမှတ်(၂)အစုန်ရထား တို့ဖြင့် လိုက်ပါလာသည့် ခရီးသည် ၂၅၂ ဦးအား ညနေ ၄ နာရီတွင် မော်တော်ယာဉ် ရှစ်စီးဖြင့် ညောင်လေးပင်ဘူတာသို့ ပို့ဆောင်ပေးပြီး အဆိုပါဘူတာမှ ရန်ကုန် သို့ အမှတ်(၁၂)အစုန်ရထားဖြင့် ည ၈ နာရီတွင် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ ခရီးသည်များအား မော်တော်ယာဉ်များ ဖြင့် ရထားပေါ်သို့ ကူးပြောင်းပို့ဆောင်ခြင်း ပြုလုပ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ခရီးသည်များအတွက် သောက်ရေ သန့်နှင့် စားသောက်ဖွယ်ရာများဝေငှပေး ခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများ က ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန် နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေး ခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများက လည်း လမ်းချော်ကျသော စက်ခေါင်းနှင့် တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထား လမ်း ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန် ခဲ့ကြပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန် စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာ စေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်း များကို ရည်မှန်းချက်ထားရှိ၍ စီမံ ဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများ နှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက် ပျက်စီးစေရေး၊ ပြည်သူများ အသက် အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင်ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်