
နေပြည်တော် နိုဝင်ဘာ ၇
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါသမယ နေ့) တွင် မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား၊ စေတီများ၌ ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်များ၌ ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေးမွေး ခြင်းများဖြင့် စည်ကား သိုက်မြိုက်လျက်ရှိပြီး ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲ ကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ကမ်းနား လမ်း ဆိပ်ကမ်းသာတံတား၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် ဝန်ကြီးများသည် ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွား တော်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့ ကပ်လှူပူဇော်ကြပြီး သံလွင်မြစ်ထဲသို့ ဆွမ်းအိုးများ မျှော၍ ပူဇော်ကုသိုလ်ယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ်၊ ရင်ပြင်တော်ပေါ်၌ ပြုလုပ်သည့် (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနား သို့ တက်ရောက်ကြရာ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူကြည်ညိုကြပြီး ဆရာတော် အရှင်သူမြတ်များထံ ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရား၊ စေတီများ ဖြစ်ကြသည့် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် မြတ်ကြီး၊ ကျိုက်သလ္လံစေတီတော်မြတ်၊ ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ် အစရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူ များ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများ နာယူလျက်ရှိကြပြီး မြို့ရွာအလိုက် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း၊ ရောင်စုံအလှမီးများ ထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိသည်။
သတင်းစဉ်