
နေပြည်တော် နိုဝင်ဘာ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်း ထွန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင် စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန် တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ပေါ်ရှိ မြေနေရာအား ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့် အမိန့်ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/၂၀၁၁ နှင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ စာပိုဒ် ၂၊ စာပိုဒ်ခွဲ (ဆ) ၌ ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ် ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှု မရှိဘဲဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိ ကြောင်း၊ ရန်ကုန်မြို့တွင် စားသုံးသူရေးရာ ဦးစီးဌာနပိုင် မြေနေရာသည် ကာလ ပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁၀ နှင့် ၁၅ ဒေါ်လာ ကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့် စာချုပ် ချုပ်ဆိုငှားရမ်းရာတွင် တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ ဒေါ်လာနှုန်းဖြင့် တစ်နှစ်စာမြေငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်ကိုသာ ပေးသွင်းစေခဲ့သဖြင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့ ကြောင်း။
ဦးသောင်းထွန်းသည် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် ရန်ကုန်မြို့တွင်း မြေ ငှားရမ်းမှုများတွင် ငှားရမ်းသည့် ကုမ္ပဏီ များမှ မြေအသုံးချမှု ပရီမီယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေ ရိကန်ဒေါ်လာ ၁ သန်း ရှိကြောင်း၊ သို့သော် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနပိုင် မြေ ၉ ဒသမ ၂၂ ဧကကိုငှားရမ်းရာတွင် အမေ ရိကန်ဒေါ်လာ ၉ ဒသမ ၂၂ သန်း အနည်းဆုံး ရရှိရန်ဖြစ်သော်လည်း မြေ အသုံးချမှု ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သိန်းကျော်သာ ပေးသွင်းစေခဲ့ရာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်း ထွန်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်