တောင်ကြီး နိုဝင်ဘာ ၂၈
၂၀၂၃ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို တန်ဆောင်မုန်းလပြည့်နေ့ည (နိုဝင်ဘာ ၂၇ ရက်ည) ၁၀ နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
ပိတ်ပွဲအခမ်းအနားတွင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များက ကပြဖျော်ဖြေကြပြီး နိုဝင်ဘာ ၂၇ ရက်ည၏ ပြိုင်ပွဲဝင်မီးပုံးပျံများဖြစ်သော ညမီးကြီး ယမ်းမီး ၂၂ ပေ မီးပုံးပျံ ခြောက်လုံးနှင့် စိန်နားပန် မီးပုံးပျံ တစ်လုံး ပြိုင်ပွဲပါဝင်လွှတ်တင်ရာ ဒေသခံ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်ပရိသတ်များ၊ ပွဲတော်လာ ဧည့်ပရိသတ်များနှင့် ခေတ်ပေါ် တေးဂီတဝိုင်းများဖြင့် ရုပ်ရှင်သရုပ်ဆောင်များ၊ ဒေသခံအဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ပွဲတော်ကို ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအဖွဲ့ လေးကျောင်း၊ အကနည်းပြများ၊ အခမ်းအနားမှူး လေးဦးတို့ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီး၊ တိုင်းမှူး ၏ ဇနီးတို့ကလည်းကောင်း၊ မသိုး သင်္ကန်းရက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက လည်းကောင်း၊ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ အုပ်စုပြိုင်ပွဲ ဆုရရှိ သူများကို မီးပုံးပျံပညာရှင်များက လည်းကောင်း၊ ညလွှတ်မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၂၂ ပေ၊ ၂၅ ပေ အဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်တို့က လည်းကောင်း၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအကအဖွဲ့ ၁၀ ဖွဲ့၊ ဖွင့်ပွဲ၊ ပိတ်ပွဲသီချင်း သီဆိုပေးသော အဆိုတော် စိုင်းဟိန်းကို၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ဖျော်ဖြေပေးခဲ့သော Power King တေးဂီတအဖွဲ့၊ မီးပုံးပျံပြိုင်ပွဲတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပေးခဲ့သော ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့၊ မီးပုံးပျံဖြစ်မြောက်ရေးအတွက် ပညာရှင် များကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ကလည်းကောင်း ချီးမြှင့်ပေးပြီး ၂၀၂၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို ပိတ်သိမ်း ကြေညာကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)