
နေပြည်တော် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ် များတွင် စတင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကို ယနေ့ တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၌ ပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြသစ်လွင်များတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူ များက ပညာရေးနှင့်ဆိုင်သော လိုအပ်ချက်များ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျိုင်းတုံတက္ကသိုလ် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ASEAN FESTIVAL 2021 တက္ကသိုလ်များ ပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ်မှ ပထမဆုနှစ်ဆု၊ နှစ်သိမ့်ဆု တစ်ဆုရရှိခဲ့သည့် ထူးချွန်ကျောင်းသား ကျောင်းသူ နှစ်ဦးအား ဆုများချီးမြှင့်ပေးကြောင်း သတင်းရရှိ သည်။
သတင်းစဉ်