
စစ်တွေ ဩဂုတ် ၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲခရိုင်နှင့် တောင်ကုတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်ကြသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သံတွဲမြို့ သိမ်ကုန်း ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့ ဂျိတ္တော ရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကာ ဘုန်းတော်ကြီးသင်ကျောင်းအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံတွဲမြို့နယ် အလယ်ရွာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် အထွက်နှုန်း ကောင်းသည့် မျိုးစပါး GW – 11နှင့် ဆင်းသုခ မျိုးစပါး များအား စံပြစိုက်ကွက်သရုပ်ပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေးကာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စံပြကွက်ဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ်မြို့နယ် အဘေကျေးရွာ၌ မွေးမြူရေး လုပ်ငန်းရှင် ဦးတင်မောင်ဌေး၏ TMP ကဏန်းပျော့မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး ကြရာ မွေးမြူရေးလုပ်ငန်းရှင်က ကဏန်းပျော့များ မွေးမြူထုတ်လုပ်နေမှု၊ ထွက်ရှိလာသော ကုန်ကြမ်း များအား သံတွဲမြို့ရှိအအေးခန်းစက်ရုံတွင် ကုန်ချော များပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေ မှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တောင်ကုတ်မြို့နယ် သက္ကယ်ပြင် ကျေးရွာ၌ အကျိုးဆောင်တောင်သူများဖြင့် စိုက်ပျိုး ရေးဦးစီးဌာနမှ ဆင်းသွယ်လတ်စပါး မျိုးစေ့ထုတ် စိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် မုတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများကို စားသောက် ဖွယ်ရာများ ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က တောင်ကုတ်ခရိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် ဒေသ ဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြ ကြသည်။
တင်ထွန်း(ပြန်/ဆက်)