
စစ်တွေ ဒီဇင်ဘာ ၁၃
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရေထွက် ကုန်ကို နှစ်စဉ်ထုတ်လုပ်ပေးလျက်ရှိသည့် ရခိုင် ပြည်နယ်တွင် ငါး၊ ပုစွန်ရေထွက်ကုန် တင်ပို့လျက် ရှိသည့်နည်းတူ ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ဝင် ကဏန်းအပျော့ကို နှစ်စဉ်တင်ပို့လျက်ရှိရာ တစ်နှစ် လျှင် ကဏန်းပျော့တန်ချိန် ၆၀၀ ကျော် တင်ပို့လျက် ရှိသည်။
ရခိုင်ပြည်နယ်မှ ကဏန်းပျော့များကို အီးယူ နိုင်ငံများ၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နှင့် ဟောင်ကောင်သို့ တင်ပို့လျက်ရှိပြီး ရခိုင်ပြည်နယ် ရှိ ကဏန်းပျော့မွေးမြူသော ကုမ္ပဏီများအနေဖြင့် တစ်လလျှင် ကဏန်းပျော့ ၁၅ တန်၊ တစ်နှစ်လျှင် တန် ၂၀၀ ခန့်ထွက်ရှိပြီး လှိုင်သာယာစက်မှုဇုန် အအေးခန်းသို့ တင်ပို့ကာ အဆင့်မြင့်ထုပ်ပိုးပြီး နောက် အီးယူနှင့် ပြည်ပနိုင်ငံအချို့သို့ တင်ပို့လျက် ရှိသည်။ ကဏန်းပျော့ တစ်ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ခုနစ်ဒေါ်လာခန့်ရရှိပြီး ဩစတြေးလျ၊ ပြင်သစ် နှင့် ဟောင်ကောင်သို့ ငါးအသားလွှာ၊ ကင်းမွန်အကွင်း လိုက်နှင့် ပုစွန်ကြိတ်သားများကို အသင့်စားအကင် အစားအစာအဖြစ် နှစ်လလျှင်တစ်ကြိမ် ကွန်တိန်နာ တစ်လုံးစာ တင်ပို့လျက်ရှိသည်။ သံတွဲမြို့တွင်ရှိသော ကဏန်းပျော့ကုမ္ပဏီအနေဖြင့် ပြည်ပပို့ကုန်မှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ၂၀၁၉-၂၀၂၀ တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၆ သန်းရရှိခဲ့သည်။
ကဏန်းပျော့ကို ပုဏ္ဏားကျွန်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် မွေးမြူထုတ်လုပ်လျက် ရှိပြီး စက်ရုံတစ်ရုံလျှင် လုပ်သား ၂၀၀ မှ ၄၀၀ ကြား ရှိ၍ ဒေသခံပြည်သူ ၁၂၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိသည်။ လျှပ်စစ်စွမ်းအင် ရရှိပါက တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပို့ကုန် အရည်အသွေးမြင့်မားလျက် အလုပ်အကိုင်အခွင့် အလမ်းနှင့် ပြည်ပဝင်ငွေ ပိုမိုရရှိမည်ဖြစ်သည်။ တန်ဖိုးမြင့်ထုတ်ကုန်ကို ရေထွက်ကုန်ထွက်ရှိရာ ဒေသတွင် ထုပ်ပိုးတင်ပို့နိုင်ပါက ကုန်ကျစရိတ် သက်သာပြီး စက်ရုံများ တိုးချဲ့တည်ဆောက်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ် သည်။ ကဏန်းအမာကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ ဘိုကလေး၊ မြောင်းမြနှင့် လပွတ္တာမြို့နယ် ရေငန်ဒေသတို့မှ အများဆုံးထွက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့မှထွက်ရှိ၍ တရုတ်နှင့် ထိုင်းနိုင်ငံ သို့ တင်ပို့လျက်ရှိသည်။
“ရခိုင်ပြည်နယ်ဟာ ရေထွက်ကုန်အများဆုံး ထွက်ရှိနေပါတယ်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ် ရေးနဲ့ သွားလာရေးအဆင်ပြေမယ်ဆိုရင် ဒေသ ဖွံ့ဖြိုးပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမယ့် ဒေသပါ။ မြစ်၊ ချောင်းတွေများတဲ့အတွက် လျှပ်စစ် မီး အခက်အခဲရှိတာကြောင့် ကုန်ကြမ်းထွက်ရှိရာ ဒေသမှာ ကုန်ချောထုတ်လုပ်နိုင်မယ်ဆိုရင် ပြည်ပ ပို့ကုန်ဟာ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုက်ရိုက် တင်ပို့နိုင်မှာပါ။ လက်ရှိ ကဏန်းပျော့ထုတ်လုပ်တဲ့ ကုမ္ပဏီနည်းပေမယ့် ဒေသခံပြည်သူ ၁၂၀၀ ကျော် အလုပ်အကိုင် ရနေပါတယ်။ ကဏန်းပျော့ကို ဥရောပ နိုင်ငံနဲ့ ကဏန်းအမာကို တရုတ်နဲ့ ထိုင်းကို ပို့နေပါ တယ်။ တစ်နှစ်ကို ကဏန်းပျော့တန်ချိန် ၆၀၀ ကျော် ဥရောပနိုင်ငံတွေကို တင်ပို့နေပါတယ်။ ကဏန်းအမာ နဲ့ ငါး/ပုစွန်ကိုတော့ တရုတ်နဲ့ထိုင်းကို ပို့တယ်။ ဒေသ မျိုးရင်း ရေသယံဇာတတွေ မျိုးသုဉ်းမှုမရှိအောင် လည်းဆောင်ရွက်နေပါတယ်”ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကဏန်းပျော့ကို ငါး/ပုစွန်ကဲ့သို့ သားဖောက်သုတေသန လုပ်ငန်း လုပ်ဆောင်လျက်ရှိပြီး စစ်တွေ၊ ပဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်းနှင့် မာန်အောင်မြို့နယ်တို့မှ ထွက်ရှိသော ၈၀ ဂရမ် အရွယ် ကဏန်းများကို ကုမ္ပဏီများက ဝယ်ယူ၍ မွေးကန်များတွင် ၄၅ ရက်ခန့် မွေးမြူကာ အရေခွံလဲ ချိန်တွင် ကဏန်းပျော့ကိုရယူပြီး သံတွဲအအေးခန်း စက်ရုံနှင့် ရန်ကုန်လှိုင်သာယာစက်မှုဇုန် အအေးခန်း စက်ရုံတွင် ထုပ်ပိုးပြုပြင်ပြီးနောက် ပြည်ပနိုင်ငံများ သို့ အအေးခန်းကွန်တိန်နာသင်္ဘောဖြင့် တင်ပို့သည်။ ကုမ္ပဏီတစ်ခုလျှင် ကဏန်းပျော့မွေးကန်အတွင်း ကောင်ရေ လေးသိန်းမှ ငါးသိန်းထိ မွေးမြူလေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီလမှ ဧပြီလထိ ကဏန်းမဖမ်းရရာသီအဖြစ် သုံးလ သတ်မှတ်၍ ဒေသမျိုးရင်းများမျိုးသုဉ်းမှုမရှိစေရန် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိလျက် ဒေသခံတို့၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေသည့် ရခိုင်ပြည်နယ် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ပြည်ပသို့ ကဏန်း ပျော့တန်ချိန် ၆၀၀ ကျော် နှစ်စဉ်တင်ပို့လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး