ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း ခရီးသွားသင်္ဘောများ မုန်တိုင်းကြောင့် ခေတ္တရပ်နား

 

 

စစ်တွေ  ဩဂုတ်  ၁၈


ဘင်္ဂလားပင်လယ်အော်    အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော   ဘင်္ဂလားပင်လယ် အော် အရှေ့မြောက်ပိုင်း၊  ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း အနီးတွင် ဖြစ်ပေါ်နေသော   လေဖိအားနည်းရပ်ဝန်း သည် နောက်  ၂၄  နာရီအတွင်း  မုန်တိုင်းငယ်အဖြစ်သို့  ရောက်ရှိလာနိုင်သည့်အတွက်  ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့်    ပြည်တွင်းရေကြောင်း   ခရီးသွား သင်္ဘောများ ခေတ္တရပ်နားထားကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမန်နေဂျာ      ဦးစံမော်သိန်းက ပြောသည်။

 


အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် မြောက်ဘက်သို့  ရွေ့လျားပြီး နောက်  ၆ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊     အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့    လည်းကောင်း၊ နောက်  ၂၄ နာရီအတွင်း  မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း ရောက်ရှိပြီး အနောက်-နောက်မြောက် သို့  ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊       အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို   ဖြတ်ကျော်နိုင် သည်ဟု   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  ခန့်မှန်းထုတ်ပြန်ထားသည်။

 


ရခိုင်ကမ်းရိုးတန်းကို   အခြေပြုပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း     မန်နေဂျာ ဦးစံမော်သိန်းက   “ကျွန်တော်တို့   ဒီလေဖိအားနည်း ရပ်ဝန်းကြောင့် စစ်တွေ - ပေါက်တော - မင်းပြား၊ စစ်တွေ- မြောက်ဦးနဲ့ ကျောက်ဖြူ - တောင်ကုတ်၊ တောင်ကုတ် - မာန်အောင်   စတဲ့    ခရီးစဉ်တွေကို ဒီနေ့မှာရပ်နားထားပါတယ်။    ရာသီဥတုကောင်းရင် တော့ စစ်တွေ- မြောက်ဦး၊ စစ်တွေ-ဘူးသီးတောင်နဲ့ နေ့လယ်ပိုင်းတွေမှာထွက်တဲ့ စစ်တွေ - ပေါက်တော- မင်းပြားလိုင်းတွေကို ထွက်ပါမယ်။ မုန်တိုင်းအခြေအနေ အပေါ်မူတည်ပြီး ရပ်နားထားတာဖြစ်ပါတယ်။  ဒီလို မုန်တိုင်းရှိတဲ့အတွက် ခရီးသည်တွေမှာ သွားရလာရ တာ အခက်အခဲတော့ရှိတာပေါ့။ ဒါကြောင့် ရာသီဥတု အမြန်ကောင်းလာဖို့ပဲ ကျွန်တော်တို့ မျှော်လင့်နေပါ တယ်” ဟု ပြောသည်။ 

 


မြေပုံမြို့နယ်မှ   ဦးမောင်တင်လှက “မုန်တိုင်းရှိ တယ်လို့   သတင်းကြားရပါတယ်။     မြို့ထဲမှာလည်း လှည့်လည်ကြေညာနေတာတွေ့ရပါတယ်။ မိုးတွေက လည်း ရွာနေပါတယ်။ မြစ်ကမ်းနားသွားကြည့်တော့ လှိုင်းက    တအားထန်နေတယ်။   ကျွန်တော်တို့က ရေလုပ်ငန်းကို   အဓိက   လုပ်ကိုင်နေကြသူတွေဆို တော့ ငါးမဖမ်းရရင်   စားဝတ်နေရေးက     အခက်အခဲ ဖြစ်တာပေါ့။   ဒါကြောင့်   မုန်တိုင်းအမြန်ပျက်ပြယ် သွားဖို့ပဲ    ဆုတောင်းနေရပါတယ်”    ဟု   ပြော သည်။

 


လေဖိအားနည်းရပ်ဝန်း၏     အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ    မြို့နယ်များတွင်လည်း  မုန်တိုင်းအန္တရာယ်ကျရောက်လာပါက       အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရန်       လိုက်လံအသိပေး    နှိုးဆော်လျက်ရှိကြောင်း  သိရသည်။ 

တင်ထွန်း(ပြန်/ဆက်)