နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်၌ ရောက်ရှိနေသည့် ရခိုင်ပြည် လွတ်မြောက်ရေမးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြ ရာဇာလင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက “ထာဝရငြိမ်းချမ်းရေးကို ရရှိ ရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ် သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံး မှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ” စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့သို့ ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ငြိမ်းချမ်းရေး ကို လိုလားသည့် ဒေသခံပြည်သူများက “ ပြည်ထောင်စု ကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ ရခိုင်ပြည်နယ် ကြီး ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းပါစေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်ရမည်၊ တိုင်းရင်းသားတွေ စည်းလုံးမှ ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရ၊ ထာဝရ ငြိမ်းချမ်းရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒ အစစ်အမှန်ဖြစ်သည်” စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်တွေလေဆိပ်တွင် ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်



