
တောင်ငူ နိုဝင်ဘာ ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရေး
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူလတန်းကြို ပညာရေး လွှမ်းခြုံမှုပိုမိုတိုးတက် လာစေရန် ကျောင်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ပံ့ပိုးကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ဌာနအနေဖြင့် ပြုစု စောင့်ရှောက်ထားသော ကလေး များ၏ ရေရှည်အနာဂတ်ရှင်သန် ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လက်တွေ့အသုံးချ နိုင်မည့် အသိပညာ အတတ်ပညာ များ ရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ဆက်စပ် ဌာနများနှင့် ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဦးစီးမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရုံးဖွင့်လှစ် ထားရှိမှုအခြေအနေ၊ ခရိုင်အတွင်း အများဆုံးဖြစ်ပွားသော ရေကြီး ရေလျှံဘေး၊ လေပြင်းဘေး၊ မိုင်း ဖြစ်စဉ်များအပေါ် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လည်း ကောင်း၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးမှူးက ခရိုင်အတွင်း လူမှု ဝန်ထမ်းလုပ်ငန်းကြီး (၇) ရပ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တောင်ငူမြို့ အမှတ် (၁၈) ရပ်ကွက်ရှိ ကြာနီ ကန် ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းတိုက်ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံသို့ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းသို့ရောက်ရှိရာ တာဝန်ခံ ကျောင်းအုပ်က တောင်ငူမြို့နယ် ကို Stay at Home အမိန့် ပယ်ဖျက်ပြီးသည့် အချိန်မှစ၍ သင်တန်းကျောင်း အနေဖြင့် ကျောင်းအခြေပြု သင်တန်းနှင့် ရပ်ရွာ အခြေပြုသင်တန်းများကို သင်တန်းကာလ တစ်လခွဲဖြင့် စက်ချုပ်သင်တန်းများ၊ မုန့် လုပ်ငန်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေမှုကို ရှင်းလင်း တင်ပြခဲ့ပြီး သင်တန်းများ ဖွင့်လှစ် ပေးနေမှုနှင့် တက်ရောက်သင်ယူ နေမှုအခြေအနေများကို လိုက်လံ ရှင်းလင်းပြသသည်။
ခေတ်မီနည်းစနစ်များလေ့လာ
ပြည်ထောင်စု ဝန်ကြီးက တက်ရောက်သင်ယူလျက်ရှိသည့် သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ပြီး အလုပ်အကိုင်နှင့် ဝင်ငွေအခွင့် အလမ်းများ ရရှိနိုင်ရေးအတွက် ပိုမိုခေတ်မီသော နည်းစနစ်များကို ဆင့်ပွားလေ့လာ ဆည်းပူးသွား ကြရန်နှင့် ဈေးကွက်ဝင်သော ထုတ်ကုန်ပစ္စည်းများကို ပိုမို ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွား ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ခရိုင်လူမှုဝန်ထမ်းရုံးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်