ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော်နိုင်ရန် လျှပ်စစ်မီး ချိန်ညှိခြင်းလုပ်ငန်းများ ယခုလကုန်ပိုင်း၌ အပြီးသတ် ဆောင်ရွက်မည်

ရန်ကုန်  နိုဝင်ဘာ  ၂၂


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် သိဂုတ္တရကုန်းတော်၌  တည်ထား တော်မူသည့်   လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်      လျှပ်စစ်မီး      အဆင့်မြှင့်    ထွန်းညှိပူဇော်ရန်  ဆောင်ရွက်လျက်ရှိရာ   ယခုအခါ နောက်ဆုံးအဆင့်     လျှပ်စစ်မီး          တပ်ဆင်ခြင်း      လုပ်ငန်းများ          ဆောင်ရွက်ပြီးစီးနေပြီ   ဖြစ်၍ လျှပ်စစ်မီး  ချိန်ညှိခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက် ရှိသောကြောင့်    ယခုလကုန်ပိုင်း၌  လျှပ်စစ်မီးချိန်ညှိခြင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။


“လုံးတော်ပြည့်     လျှပ်စစ်မီး အဆင့်မြှင့်    ထွန်းညှိပူဇော်နိုင်ဖို့ အတွက်       နောက်ဆုံးအဆင့် လျှပ်စစ်မီး      တပ်ဆင်တာက ဆောင်ရွက်ပြီးစီးသွားပြီမို့ လျှပ်စစ် မီး ချိန်ညှိတာတွေကို လုပ်ဆောင် နေပါတယ်။ ဒါလည်း  ဒီနိုဝင်ဘာ လကုန်လောက်ဆိုရင် ပြီးစီးတော့ မှာမို့ လာမယ့်ဒီဇင်ဘာလ ၁၈ ရက် (၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့)မှာ ရေစက်ချ အခမ်းအနားလုပ်ဖို့     အကြမ်းဖျင်း  စီစဉ်ထားပါတယ်။ ဆက်လက်လှူဒါန်းကြမယ့်အလှူရှင်တွေရှိရင်လည်း  လှူဒါန်းနိုင်ဖို့အတွက်  ဆက်ပြီး  လက်ခံ သွားမှာဖြစ်ပါတယ်။  လောလောဆယ်   အများ လှူဒါန်းငွေနဲ့  စိုက်ပြီးကြိုလုပ်ဆောင်နေတာဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပက အဖွဲ့ဝင် ဦးဘိုးသင်းက ပြောသည်။ 


စီမံချက်ရေးဆွဲဆောင်ရွက်


 ရွှေတိဂုံစေတီတော်မြတ်ကြီး   လုံးတော်ပြည့် အဆင့်မြှင့်လျှပ်စစ်မီး        ထွန်းညှိပူဇော်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက်  ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလပိုင်းက နိုင်ငံပိုင်သတင်းစာများမှတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး  ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့၏  ကြီးကြပ်မှုဖြင့်  လျှပ်စစ် ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အနေဖြင့် ၁၉၉၈ ခုနှစ်   ထာဝရဘက်စုံပြုပြင်စဉ်   မူလထွန်းညှိထားသော မီးတိုင်၊ မီးလုံး၊  မီးအလင်းရောင်အခြေအနေများမှ  ပိုမိုကောင်းမွန်မည့် နည်းပညာသတ်မှတ်ချက်များနှင့် လျှပ်စစ်ပစ္စည်းများအသုံးပြုရန် အကြံပြုချက်ဖြင့် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်၍    နည်းပညာဆိုင်ရာ အောင်မြင်ခဲ့သော  Lighting Specialist Co.,Ltd (Krislite)က ၂၀၂၁ ခုနှစ်   ဧပြီလတွင်  လုပ်ငန်းများ စတင်    အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် စေတီတော်မြတ်ကြီးလုံးတော်ပြည့် အဆင့်မြှင့် လျှပ်စစ်မီးထွန်းညှိပူဇော်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ လှူဒါန်းငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


 လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်  ထွန်းညှိ
ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အဆင့်မြင့်LED  မီးလုံးများကြောင့်  ပိုမိုထွန်းလင်း တောက်ပခြင်း၊ အသုံးပြုသောဝပ်အားလျော့ကျစေခြင်း၊ လျှပ်စစ်အန္တရာယ်လုံခြုံမှု ပိုမိုတိုးမြှင့်လာခြင်းတို့ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
                                  

    သတင်း - ပွင့်သစ္စာ  
                               

    ဓာတ်ပုံ- စိုးမြင့်အောင်