
နေပြည်တော် အောက်တိုဘာ ၆
ပြည်တွင်းထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်ပြီး စားသုံးသူများ၏ ယုံကြည်မှု ပိုမိုခိုင်မာအောင် တည်ဆောက်ရန် လိုသကဲ့သို့ ဈေးကွက်ယှဉ်ပြိုင်
နိုင်စွမ်းအားရှိစေရန် သန့်ရှင်းမှု၊ ထုပ်ပိုးမှု စသည့် ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများအပြင် သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းဖြင့် ရောင်းချ နိုင်စေရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးအဖြေရှာ စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရေမြေသဘာဝနှင့်ကိုက်ညီသည့် နွားမျိုးများရှိခြင်း၊ မွေးမြူမှုနည်းစနစ်များနှင့် အကျွမ်းတဝင်ရှိပြီး ဖြစ်ခြင်း၊ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သော စိုက်ပျိုးရေးထွက်ကုန်များရှိခြင်း၊ နိုင်ငံ၏အနီးဆုံး တွင် အကြီးမားဆုံး နိုင်ငံတကာဈေးကွက်ရှိနေခြင်း တို့အပြင် စီးပွားဖြစ်ထုတ်လုပ်မှု အခွင့်အလမ်း ကောင်းနှင့် နွားမွေးမြူရေးမှရနိုင်သည့် အကျိုး အမြတ်များ ကြီးမားစွာရှိနေခြင်းကြောင့် ဈေးကွက် လိုအပ်ချက်နှင့်အညီ ဘရာမင်ကဲ့သို့သော အသားစား နွားမျိုးများ၊ နို့ထွက်ကောင်းသည့် နို့စား နွားမျိုး၊ အသားအရည်အသွေးကောင်းသည့် နွားနောက်မျိုး များ တိုးချဲ့မွေးမြူနိုင်ရေး အားပေးကူညီဆောင်ရွက် လျက်ရှိရာ သက်ဆိုင်သူအားလုံးတို့က မိမိတို့ကျရာ အခန်းကဏ္ဍများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
မြန်မာ့ ကျွဲ၊ နွားမွေးမြူရေးကို လယ်ယာလုပ်ငန်း ခွင်တွင် အသုံးပြုရန် တစ်ပိုင်တစ်နိုင် မွေးမြူလာ ကြရာ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၌ ဒေသ နွားကောင်ရေ ၈ ဒသမ ၈ သန်းကျော်၊ နို့စားနွား ကောင်ရေ ငါးသောင်းကျော်၊ နွားနောက်ကောင်ရေ ငါးသောင်းကျော်၊ ကျွဲကောင်ရေ ၁ ဒသမ ၆ သန်းကျော် စုစုပေါင်းကျွဲနွားကောင်ရေ ၁၀ ဒသမ ၆ သန်းကျော် မွေးမြူထားကြောင်း သိရသည်။
ကျွဲနွားအရှင်များကို ၂၀၁၇ ခုနှစ်မှစတင်၍ ပြည်ပသို့ တင်ပို့ခွင့်ပြုခဲ့ရာ ယနေ့အထိ ကျွဲ၊ နွား
ကောင်ရေ ၅၄၂၄၃၅ ကောင်ကျော် တင်ပို့ရောင်းချ ခဲ့ပြီးဖြစ်သည်။ ကျွဲ၊ နွား ဈေးကွက်သည် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သကဲ့သို့ ရေရှည်တွင် တိရစ္ဆာန်အရှင် တင်ပို့ရောင်းချခြင်းသာမက တန်ဖိုးမြှင့်ထုတ်ကုန် များကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ် များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြ သည်။
သတင်းစဉ်