ရှေးဟောင်းသမိုင်းဝင် သီပေါပေါ်ကြိုဘုရားကြီး ရောင်တော်ဖွင့် ထီးတော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

 

သီပေါ   အောက်တိုဘာ  ၆


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီ‌ပေါမြို့နယ်   ‌ပေါ်ကြို  ကျေးရွာတွင်  ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က သီရိ  ဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော   ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး ဂန္ဓကုဋိ တိုက်တော်အတွင်းမှ     မု‌ဋ္ဌောစေတီတော်မြတ်၏ ထီးတော်အား   ရောင်တော်ဖွင့်    ရွှေသင်္ကန်းများ ကပ်လှူပြုပြင်မွမ်းမံ၍ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက       ဘုရားကြီးအရှေ့ဘက်မုခ်၌  ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းများနှင့်အညီ  ကျင်းပသည်။


အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် ဆရာတော် သံဃာတော်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး  အောင်ဇော်အေး၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  နိုင်နိုင် ဦး၊ ပေါ်ကြိုဘုရားကြီး ဂေါပကဥက္ကဋ္ဌ   ဦးဆန်စိုင်း သာညွန့်နှင့်   ဂေါပကအဖွဲ့ဝင်များ၊  ခရိုင်၊   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်   သာသနာရေးဦးစီးမှူးနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။


ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော် ဘဒ္ဒန္တ မိလိန္ဒ အရှင်သူမြတ်နှင့် ပေါ်ကြိုဘုရား ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဒေဝိန္ဒ အရှင် သူမြတ်တို့ထံမှ အနုမောဒနာတရားတော်နှင့် ငါးပါး သီလခံယူဆောက်တည်ကြပြီး  ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက စိန်ဖူး တော်မြတ်ကို လည်းကောင်း၊ တိုင်းမှူးက ငှက်မြတ် နားတော်ကို လည်းကောင်း၊ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်   အရှင်သူမြတ် များက စေတီတော်ကြီးအား  အနေကဇာတင်လှူ ပူဇော်ကြသည်။


ထို့နောက် မင်္ဂလာအချိန်တွင် ပေါ်ကြိုဘုရားကြီး မုဋ္ဌောစေတီတော်မြတ်ကြီး၏ ရွှေထီးတော်မြတ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ      ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး(အပေါ်ပုံ)၊    ငှက်မြတ်နားတော်ကို တိုင်းမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊  အလှူရှင်များက အသီးသီး တင်လှူပူဇော်ကြသည်။
ဆက်လက်၍    လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြောင်း သိရသည်။                        

 
စိုင်း(သီပေါ)