
ရန်ကုန် ဧပြီ ၂၃
ရှေးဟောင်းရေကန် လေးကန်ကို စမ်းသပ် တူးဖော် သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ကာ မူလအတိုင်း ပြည်သူများ လေ့လာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
ပုဂံခေတ်ကပင် အသုံးပြုခဲ့ပြီး ရှေးဟောင်းအုတ် များဖြင့် ဖန်တီးထားသည့် ရှေးဟောင်းရေကန်လေးကန် ကို တွေ့ရှိထားရာ လက်ရှိတွင် ရေကန်၏ မူလအကျယ်၊ ကန်အနက် စသည်တို့ကို စမ်းသပ်တူးဖော်သုတေ သန လုပ်ဆောင်နေပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ရှေးဟောင်းရေကန်ပုံစံတွေထွက်လာတဲ့ အဟောင်းလေးခုလောက်ရှိတယ်။ အခုကတော့ ရေကန်အကျယ်အဝန်း၊ ရေဘယ်လောက်ရှိလဲ၊ အောက်က ရေကန်အနက်က ဘယ်လောက် ရှိလဲ အဲဒါတွေကို ပမာဏစမ်းသပ်ချက်တူးဖော် မှုတွေလုပ်နေတာ။ အဲဒါတွေသိရပြီးတော့မှ ရေကန်တွေဆက်ပြီးတော့ ဖြည်းဖြည်းချင်း ဆယ်ပြီး သုတေသနလုပ်နေတာပေါ့။ ပြီးရင် ဆက်တူးမှာပေါ့။ ဖြည်းဖြည်းချင်း သုတေသနသဘောအတိုင်းတူးပြီး ထိန်းသိမ်း ရေးလုပ်ငန်းလုပ်သွားမှာပေါ့။ ကျွန်တော်တို့ အခုလုပ်နေတာက အုတ်ကန်၊ ရွာဟောင်းကြီး ကန်၊ ဖွားစောဆုတောင်းပြည့်ကန်၊ ရေတောင် မုနိကန်တွေဖြစ်တယ်။ ရှေးဟောင်းရေကန် တွေကို တူးဖော်သုတေသနပြုပြီး နဂိုအတိုင်း ပြန်ရရင်တော့ ကျွန်တော်တို့က ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ပြီး သူရဲ့မူလ Function အတိုင်း အများပြည်သူလေ့လာလိုရတဲ့နေရာမျိုး ဖန်တီး သွားမယ်” ဟုလည်း ၎င်းက ပြောကြားသည်။
လက်ရှိဆောင်ရွက်နေသည့် ရေကန် အကျယ်အဝန်းနှင့် ရေကန်အနက်တို့ကို သိရှိ ပြီးမှ ဆက်လက်တူးဖော်သုတေသနပြုရမည် ဖြစ်ပြီး ပြီးစီးမည့်အချိန် ကြိုတင်တွက်ချက် ၍မရကြောင်းနှင့် အဆိုပါရေကန်များမှာလည်း ပုဂံခေတ်ရှေးဟောင်းအုတ်များဖြင့် တည်ဆောက် ထားသည့် ရှေးဟောင်းရေကန်များဖြစ်သည့် အတွက် လုပ်ငန်းစဉ်ကို အလျင်စလို ဆောင်ရွက် ၍ မရကြောင်းလည်း ဦးကျော်မျိုးဝင်းက ပြောသည်။
သင်္ကြန်ကာလအပြီးတွင် ရှေးဟောင်း ရေကန်များပြန်လည်တူးဖော်ခြင်း၊ ဆယ်ယူ ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ပုဂံဒေသ၏ သန့်ရှင်းရေးပိုင်းနှင့် ဘုရား ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အဓိကထား ဆောင်ရွက်နေကြောင်းလည်း သိရသည်။
MT