
နေပြည်တော် ဇန်နဝါရီ ၂၇
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားရာတွင် စိုက်ပျိုးရေး တက္ကသိုလ်၏ နှစ်တစ်ရာပြည့်ကာလတွင် ပညာ သင်ယူဆည်းပူးခွင့်ရကြသဖြင့် ဂုဏ်ပြုဝမ်းမြောက် ပါကြောင်း၊ နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် အဆင့်မြင့် စိုက်ပျိုးရေးသိပ္ပံ ပညာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည့် တက္ကသိုလ်အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ အချိုးညီညီ သင်ကြားပို့ချပေးလျက်ရှိရာတွင် မောင်တို့မယ်တို့ အနေဖြင့် မိမိတို့ သင်ယူကြရမည့် ပညာရပ်များနှင့် အတူ ပေါင်းသင်းဆက်ဆံမှု၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေး လူမှုရေးကဏ္ဍများတွင် မိမိကိုယ်ကို စနစ်တကျထိန်းသိမ်းပြုမူနေထိုင်တတ်စေရေးကိုပါ တစ်ပါတည်း လေ့ကျင့်ဖြည့်ဆည်းသွားကြရန်လို ကြောင်း၊ ပညာသင်ယူခြင်းကာလ ပြီးမြောက်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဝန်ထမ်းများ၊ လက်တွေ့အသုံးချ ဆောင်ရွက်သော နိုင်ငံ့ဝန်ထမ်းပညာရှင်များအဖြစ် ကျရာအခန်းကဏ္ဍများမှနေ၍ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်အောင်မြင် စွာ ဖော်ဆောင်ပေးနိုင်ကြစေရန်ရည်သန်၍ ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မောင်မယ်သစ်လွင် ကိုယ်စားပြု ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များသည် ကျောင်းသား ကျောင်းသူများနှင့်အတူ နံနက်စာသုံးဆောင်ကြသည်။(ယာပုံ) နံနက်စာသုံး ဆောင်နေစဉ် နောက်ဆုံးနှစ်နှင့်စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများက “စိမ်းလန်းစေသော်တို့ကျောင်း တော်” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးပညာကို တက္ကသိုလ်အဆင့်ဖြင့်စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ နှစ်တစ်ရာပြည့်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သစ်လွင်မောင်မယ် ၂၁၁ ဦးတို့က ပထမနှစ်ပညာသင်ယူကြမည်ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ ယနေ့အထိ နှစ်တစ်ရာကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) ၁၂၉၈၃ ဦး၊ ဘွဲ့လွန်ဒီပလိုမာ (Postgrad.Dip.Ag.Sc.) ၆၅ ဦး၊ မဟာဒဿနဘွဲ့ (M.Phil.) ၁၀ ဦး၊ မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) ၆၆၈ ဦး၊ သုတေသန အခြေပြုပါရဂူဘွဲ့ (Ph.D. by Research) ခြောက်ဦး၊ ပါရဂူဘွဲ့ (Ph.D.) ၇၇ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်တစ်ရာပြည့်အထိမ်းအမှတ် ဘက်စုံသုံးခန်းမ ပန္နက်တော်တင် အခမ်းအနားသို့ တက်ရောက်ကြပြီး မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ မင်္ဂလာ ပန္နက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန တည်ထောင်ဖွင့်လှစ်သည့် နှစ်(၂၀)ပြည့် အခမ်းအနား သို့ တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး မျှော်မှန်းချက် ကို လက်တွေ့ဖော်ဆောင်ပေးနိုင်ရန်၊ လယ်ယာကဏ္ဍ တွင် ကြုံတွေ့နေကြရသည့် လိုအပ်ချက်များ၊ အခက် အခဲများကို ဖော်ထုတ်ဖြေရှင်းပေးပြီး တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် သုတေသနပညာရပ်များဖြင့် စွမ်းဆောင်ပေးရန် ဆွေးနွေးပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သုတေသနထူးချွန်ဆုများနှင့် ထူးချွန်ဝန်ထမ်းဆုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ကြရာ သက်ဆိုင်ရာဆုရပညာရှင်များ၊ ဝန်ထမ်း များက လက်ခံရယူကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ပေါင်းလောင်း ရေလှောင်တမံ၏ ရေပိုလွှဲတွင် ဟိုက်ဒရောလစ်စနစ် ယာယီရေထိန်းတံခါး Hydraulic Elevator Dam - HED တပ်ဆင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယဝန်ကြီး တို့သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပညာရှင်များက ပေါင်းလောင်းချောင်းအတွင်း ရေစီးဆင်းမှုအခြေအနေနှင့် ရေထုထည်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်