
နေပြည်တော် မတ် ၂၀
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဧည့်သည်တော်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရမောင်မယ်များ နှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတက္ကသိုလ်၏ “စိုက်ပျိုးပညာ ပြည်ရွာ ဖွံ့ဖြိုး” ဆိုသည့် ဆောင်ပုဒ်ကို ရင်ဝယ်ပိုက်ပြီး စိုက်ပျိုးရေးကဏ္ဍကြီး ပိုမိုဖွံ့ဖြိုးကောင်းမွန်စေရန် အတွက် ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေး၊ ဘေးကင်း ပြီး အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်ရေး၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချပြီး မျှတသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာရေး၊ ရေရှည်တည်တံ့သော သဘာဝ ပတ်ဝန်းကျင်အဖြစ် ပိုမိုကောင်းမွန်အောင်ဆောင် ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ရမောင်မယ်များအနေဖြင့် လယ်ယာ ကဏ္ဍ၏ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် မိမိတို့ ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ တတ်မြောက် ထားသော ပညာရပ်များ၊ ကြိုးစားလုပ်ကိုင်လိုသော လုံ့လဝီရိယတို့ ပေါင်းစပ်ကာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လုပ်ဆောင်ကြမည်ဆိုပါက မိမိတို့ အကျိုးစီးပွား၊ တောင်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားလာမှုနှင့်အတူ အသိပညာ အခြေပြု စိုက်ပျိုးရေးစနစ် ဖြစ်ပေါ်လာပြီး ယှဉ်ပြိုင် နိုင်စွမ်း မြင့်မားသည့် စိုက်ပျိုးရေး လုပ်ငန်းများ အဖြစ် ပေါ်ထွန်းလာကာ နိုင်ငံ့စီးပွားလည်း တိုးတက် စေမည်ဖြစ်၍ စိတ်အားထက်သန်စွာ သန္နိဋ္ဌာန် ချမှတ်ပြီး တစ်တပ်တစ်အား ကြိုးပမ်းလုပ်ဆောင် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဧည့်သည် တော်များ၊ ဘွဲ့ရမောင်မယ်များသည် ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ကြသည်။
ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနား အစီအစဉ် ကို ဆက်လက်ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က ဘွဲ့ရမောင်မယ်များကို အမှာစကားပြောကြားပြီး သက်ဆိုင်ရာဘွဲ့လက်မှတ် များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ယနေ့ကျင်းပပြုလုပ်သည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါရဂူဘွဲ့ ၁၆ ဦး၊ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ ၄၀၊ စိုက်ပျိုးရေး မဟာဒဿနဘွဲ့ တစ်ဦး၊ စိုက်ပျိုးရေး သိပ္ပံဘွဲ့ ၁၇၁ ဦး တို့အတွက် ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့သည်။ လာမည့် စာသင် နှစ်များတွင်လည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ဘေးကင်းပျော်ရွှင်စွာ လေ့လာ သင်ယူနိုင်ရေး စီမံဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်