
မောင်သောင်းဝင်း (တမန်ဟောင်း)
သမ္မတဂျိုးဘိုင်ဒင်သည် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA)အား ကိုဗစ်- ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကိုစုံစမ်းထောက်လှမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ပြန်လည်အစီရင်ခံတင်ပြရန် ညွှန်ကြားခဲ့သော်လည်း တင်ပြနိုင်ခြင်းမရှိခဲ့ပေ။
အမှန်တော့ အမေရိကန်သည် ကိုဗစ်- ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားရာဇာစ်မြစ်ကို နိုင်ငံရေးအရ အမြတ်ထုတ်အသုံးချရန် ထပ်မံကြိုးပမ်းလာခြင်းဖြစ်သည်။ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက၂၀၂၁ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ CIA သည် မည်သည့်နေရာမှ ဗိုင်းရပ်စ်စတင်ဖြစ်ပွားလာခဲ့ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။ သိပ္ပံပညာရှင်များသည်ပင်လျှင် အစရှာဖွေမရသော ဇီဝပြဿနာတစ်ရပ်ကို ထောက်လှမ်းရေးအေဂျင်စီများက မည်သို့မည်ပုံဖော်ထုတ်သွားမည်နည်း။ ထောက်လှမ်းရေးအေဂျင်စီများအား ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာဇာစ်မြစ်ကို စုံစမ်းခွင့်ပြုခြင်းသည် အမေရိကန်အစိုးရအနေဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားရာနေရာကို အမှန်တကယ် ဖော်ထုတ်သွားလိုသည့်ဆန္ဒမရှိဘဲ တရုတ်နိုင်ငံအား နိုင်ငံရေးအရ သိက္ခာချသွားရန် ကြိုးပမ်းမှုမျှသာဖြစ်သည်ဟုဆိုသည်။
CIA အစီရင်ခံစာ၌ တရုတ်နိုင်ငံသည် နိုင်ငံတကာစုံစမ်းထောက် လှမ်းသူများကို နှောင့်ယှက်ဟန့်တားခြင်း၊ သတင်းအချက်အလက် များ မျှဝေရန်ငြင်းဆန်ခြင်းနှင့် အခြားနိုင်ငံများအပေါ် ပြစ်တင်ဝေဖန် ခြင်းများ လုပ်ဆောင်နေသည်ဟု စွပ်စွဲဖော်ပြထားရှိသည်။ တရုတ် နိုင်ငံမှစတင်၍ ဗိုင်းရပ်စ်ပြန့်ပွားသည်ဟု ယူဆပြီး ထောက်လှမ်းရေးအဖွဲ့ အစည်းအား အထောက်အထားများ ရှာဖွေခိုင်းခြင်းသည် ပြစ်မှု ကျူးလွန်မှုတစ်ရပ်အဖြစ် ရှုမြင်ရမည်ဖြစ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ဘိုင်ဒင်အစိုးရအဖွဲ့သည် ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို မရိုး မသားသော နည်းလမ်းဖြင့် ထောက်လှမ်းရှာဖွေခြင်းသည် ကိုယ်တိုင် မကောင်းမှုကျူးလွန်ရာရောက်ပြီး ဆေးသိပ္ပံပညာနယ်ပယ်နှင့် တရားဥပဒေစိုးမိုးမှုအပေါ် မသိကျိုးကျွံပြုရာလည်း ရောက်ပေသည်။ ထို့ပြင် အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဂုဏ်သိက္ခာနှင့် ပုံရိပ်တို့ ကိုပါ ကျဆင်းစေမည်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်း၏ ကိုဗစ်- ၁၉ ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူ့ကျန်းမာရေးလုံခြုံမှု ဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေမည် ဖြစ်သည်။
ပွင့်လင်းမြင်သာမှုရှိရန်လို
စင်စစ်အားဖြင့် တရုတ်နိုင်ငံသည် ကိုဗစ်- ၁၉ ရောဂါတွေ့ရှိမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ ပထမဆုံး သတင်းပေးပို့ခဲ့သည့်နိုင်ငံဖြစ်သည်။ ထိုသို့သတင်းပို့ခြင်းကြောင့် ဗိုင်းရပ်စ်ပိုးသည် တရုတ် နိုင်ငံမှ စတင်ဖြစ်ပွားသည်ဟု ယူဆနိုင်မည်မဟုတ်ချေ။ ကိုဗစ်- ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံ များအား ဗိုင်းရပ်စ်အကြောင်း သတိပေးခြင်းနှင့် မျိုးရိုးဗီဇပြောင်းလဲ မှု ဆင့်ကဲဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပေးပို့ခြင်း များ လုပ်ဆောင်ကာ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ WHO တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ နှစ်ကြိမ်သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် WHO ကိုယ်စားလှယ်များ၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးခဲ့သည်။ WHO မှကျွမ်းကျင် ပညာရှင်များသည် လိုအပ်သည့်နေရာများကို သွားရောက်ကာ ပြည်သူ များကို တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်အလက်များကို လွတ်လပ်စွာ စစ်ဆေးခဲ့သည်။ ထို့နောက် ကျွမ်းကျင်ပညာရှင်များက ကိုဗစ်- ၁၉ ကပ်ရောဂါသည် ဓာတ်ခွဲခန်းများမှ မတော်တဆဖြစ်ပေါ်လာသည့် အလားအလာ လွန်စွာနည်းပါးကြောင်း ကောက်ချက်ချခဲ့သည်။ ထိုကောက်ချက်သည် အမေရိကန်၏ ရည်မှန်းချက်များကို သိသိ သာသာ ဆန့်ကျင်လျက်ရှိသည်။ ထို့ကြောင့် အမေရိကန်သည် ဗိုင်းရပ်စ် ရှာဖွေးရေးဇာတ်ညွှန်းသစ်အတွက် သိပ္ပံပညာရှင်များကို ဘေးဖယ်ကာ ထောက်လှမ်းရေးကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတင်းမပို့မီ အချိန်ကတည်းကပင်လျှင် အမေရိကန်၊ အီတလီနှင့် စပိန်နိုင်ငံတို့ တွင် အလားတူရောဂါဖြစ်ပွားခဲ့ကြောင်း သတင်းအချက်အလက် များစွာက ညွှန်ပြလျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ကိုဗစ်- ၁၉ လူနာ မတွေ့မီကတည်းကပင် အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်အမျိုးအမည် မတပ်နိုင်သော ရောဂါကူးစက်မှုများ ရှိနေခဲ့ သည်။ အမျိုးအမည် ခွဲခြားနိုင်ခြင်းမရှိသည့် ရောဂါပိုးကူးစက်ခံရသူများ ၏ လက္ခဏာများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ လက္ခဏာများနှင့် များစွာဆင်တူလျက်ရှိသည်။ ထိုသို့ဖြစ်ပွားခဲ့သည့် တိုင်အောင် အမေရိကန်သည် ရောဂါဇာစ်မြစ်ကို စုံစမ်းဖော်ထုတ်ရန် ငြင်းဆန်နေဆဲပင်ဖြစ်သည်။ အမေရိကန်၏ လက်ရှိဆောင်ရွက်မှုသည် ကိုဗစ်- ၁၉ ရောဂါ စတင်ဖြစ်ပွားရာဇာစ်မြစ်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ ၏ သံသယကိုပိုမိုကြီးထွားစေခဲ့ပြီး အမေရိကန်သည် ကိုဗစ်-၁၉ ကပ် ရောဂါဇာစ်မြစ်ရှာဖွေရေးသုတေသနလုပ်ငန်းအပေါ် ခလုတ်ကန်သင်း လို ဖြစ်လာခဲ့သည်။
အမေးရှိလျှင်အဖြေရှိသင့်
အမေရိကန်နိုင်ငံအနေဖြင့် ကိုဗစ်- ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားရာ ဇာစ်မြစ်ကို အမှန်တကယ်ဖော်ထုတ်သွားလိုလျှင် အောက်ဖော်ပြပါ မေးခွန်းလေးခုကို ဖြေကြားသွားရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက မေးမြန်းထားရှိသည်။ သို့သော် ထိုမေးခွန်းများနှင့် စပ်လျဉ်း၍ အမေရိကန်သည် လက်ရှိအချိန်အထိ တစ်လုံးတစ်ပါဒမျှ ဖွင့်ဟပြောဆိုခြင်း မရှိသေးပေ။
ပထမအချက်မှာ အမေရိကန်အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် လတွင် အမေရိကန်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သွားရန်ပင်ဖြစ်သည်။ ဝစ္စကွန်စင်နှင့် မေရီလန်းပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သည့် အမျိုးအမည်မသိအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါသည် ကိုဗစ်- ၁၉ ကပ်ရောဂါလက္ခဏာနှင့် များစွာ တူညီလျက်ရှိသည်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ရောဂါ ဖြစ်ပွားသည်ဟု မူလက ယူဆခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား လာပြီးနောက် အဆုတ်ရောဂါဖြစ်ပွားသူများ ရုတ်တရက်ပျောက်ကွယ် သွားပြီး ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားသူများ ပိုမိုများပြားလာတော့သည်။ ထိုဖြစ်စဉ်သည် တိုက်ဆိုင်မှုဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ၂၀၂၀ ပြည့် နှစ်တွင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက တုပ်ကွေးရောဂါနှင့် သေဆုံးခဲ့သူများကို ဆေးစစ်ခဲ့ရာ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်ဟုဆိုသည်။
ဒုတိယအချက်မှာ အမေရိကန်အနေဖြင့် မေရီလန်းပြည်နယ်ရှိ နာမည်ဆိုးနှင့်ကျော်ကြားသော Fort Detrick Biological Laboratory အပြင် ကမ္ဘာတစ်ဝန်းရှိဓာတ်ခွဲခန်း ၂၀၀ ကျော်ကို စစ်ဆေးရန် WHO မှ ကျွမ်းကျင်ပညာရှင်များကို စစ်ဆေးခွင့်ပြုသွားသင့်သည်။ အထူး သဖြင့် Fort Detrick ၌ ဇီ၀လက်နက်အစီအစဉ်များ တိုးတက်ရေး အတွက် သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ ၎င်း အစီအစဉ်ကို အမေရိကန်ကြည်းတပ် ကွပ်ကဲမှုအောက်ရှိ ကူးစက် ရောဂါဆိုင်ရာ ဆေးဝါးသုတေသနအင်စတီကျုက အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းအင်စတီကျုသည် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနပြုနေသည်မှာ ကာလအတန်ကြာ နေပြီဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် ဇီဝလုံခြုံရေးအခြေအနေအရ ပိတ်သိမ်းခဲ့ရသည်။ ထိုသို့ ဇီ၀လုံခြုံရေးဆိုင်ရာ ပြဿနာများ တွေ့ရှိ ခဲ့ပြီးနောက် အဆုတ်ရောဂါလက္ခဏာနှင့် ဆင်တူသော ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားလာခဲ့သည်။ သို့သော် အမေရိကန် အစိုးရ သည် ထိုဖြစ်စဉ်ကို အမေရိကန်ပြည်သူများကို ချပြရှင်းလင်းခြင်း မရှိ သလို ကမ္ဘာကြီးကိုလည်း အသိပေးခြင်းမရှိခဲ့ပေ။
တတိယအချက်မှာ အမေရိကန်သည် မြောက်ကာရိုလိုင်းနား တက္ကသိုလ်၌ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် WHO မစ်ရှင်ကို ဖိတ်ကြား သွားသင့်သည်။ အမေရိကန်သည် ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အတွက် ကိုရိုနာဗိုင်းရပ်စ်သုတေသနပြုနေသော ဝူဟန်တက္ကသိုလ်ကို တစိုက်မတ်မတ်စွပ်စွဲပြောကြားလျက်ရှိသည်။ သို့သော် အမေရိကန် သည် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေအများဆုံး ထည့်ဝင်ခဲ့ ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
စတုတ္ထအချက်မှာ အမေရိကန်သည် ၂၀၁၉ ခုနှစ် အောက်တို ဘာလတွင် ဝူဟန်မြို့၌ပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် (Internation Military Sports Council- CISM) စစ်ရေးလေ့ကျင့်ခန်းတက်ရောက် ခဲ့ပြီး နာမကျန်းဖြစ်ခဲ့သည့် အမေရိကန်တပ်ဖွဲ့များ၏ အခြေအနေကို ထုတ်ပြန်သွားသင့်သည်။ စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သော အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ အနက် အများစုသည် ဖျားနာနေသဖြင့် အမေရိကန်သို့ ပြန်လည်စေလွှတ်ခဲ့ရသည်။ ၎င်းတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါလက္ခဏာနှင့်တူညီသောရောဂါများ ခံစားခဲ့ရသည်။ ထိုစဉ် က အမေရိကန်အစိုးရအနေဖြင့် တပ်ဖွဲ့ဝင်များ မည်သည့်ရောဂါ ခံစားနေရကြောင်းကို ထုတ်ပြန်သွားသင့်သည်။ ထိုစစ်ရေး လေ့ကျင့် ခန်းအပြီးတွင် ဝူဟန်မြို့၌ ကိုဗစ်- ၁၉ ကပ်ရောဂါ စတင် ဖြစ်ပွားခဲ့ သည်။
အမေရိကန်အမျိုးသားကျန်းမာရေးအင်စတီကျု ဝက်ဘ်ဆိုက်များ မှ ရရှိသော သတင်းအချက်အလက်များအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင် ပြည်နယ်ငါးခု၌ ကိုဗစ်- ၁၉ ကပ်ရောဂါခံစားခဲ့ရသည်ဟုဆိုသည်။ သို့သော် အမေရိကန်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်တွင် လူနာ များ၏သွေးနမူနာများကို ချိပ်ပိတ်ထားခဲ့ပြီး ရောဂါဇာစ်မြစ် ခြေရာခံ သည့်လုပ်ငန်းစဉ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဟန့်တား နှောင့်ယှက်ခဲ့သည်။ ဖလော်ရီဒါကျန်းမာရေးဌာန ဝက်ဘ်ဆိုက်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကိုဗစ်- ၁၉ ကပ်ရောဂါလက္ခဏာတွေ့ရှိရသည့် ရောဂါသည် ၁၇၁ ဦး၏သတင်း အချက်အလက်များကိုထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းအချက်အလက်များကိုဖျက်ပစ်ခဲ့သည်။
အရေးပါသောဖြေရှင်းဆောင်ရွက်မှုများ
ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အမေရိကန် သည် ကိုဗစ်- ၁၉ ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်း များတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲတစေ လက်ရှောင်လျက်ရှိသော်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါဇာစ်မြစ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံအပေါ် နိုင်ငံရေးအရ သားပုပ်လေလွင့် ပြောဆို လျက်ရှိသည်။ မကြာသေးမီအချိန်တွင်းက ထုတ်ပြန်ခဲ့သည့် အမေရိကန်CIA အစီရင်ခံစာသည် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး တွင် ၎င်း၏တာဝန်ပျက်ကွက်မှုများကို လမ်းကြောင်းလွှဲရန် ကြိုးပမ်း မှုကိုသာ ထင်ဟပ်စေခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန် အနေဖြင့် အီရတ်နိုင်ငံတွင် ဖျက်စွမ်းအားပြင်း လက်နက်များ ရှိနေ သည်ဆိုသော စွပ်စွဲချက်ဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည့်ဖြစ်စဉ် နှင့် အလားသဏ္ဌာန်တူညီလျက်ရှိသည်။
ဗိုင်းရပ်စ်ဇာစ်မြစ်ရှာဖွေခြင်းသည် ဆေးသိပ္ပံဆိုင်ရာကိစ္စပင်ဖြစ်ပြီး အဖြေရှာဖွေနိုင်ရေးအတွက် သိပ္ပံပညာရှင်များကို ချန်လှပ်ထား၍ ရနိုင်မည်မဟုတ်ချေ။ တရုတ်သိပ္ပံပညာရှင်များအပါအဝင် ထိပ်တန်း သိပ္ပံပညာရှင်များသည် ၎င်းတို့၏ကျွမ်းကျင်မှုပညာကိုအခြေခံလျက် ရောဂါဇာစ်မြစ်ရှာဖွေရေးလုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်လျက် ရှိသည်။ ဝူဟန်မြို့၌ ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများသည် ဗိုင်းရပ်စ် ဇာစ်မြစ်ရှာဖွေရာတွင် ရလဒ်ထွက်ပေါ်လာရေးအတွက် သိပ္ပံပညာရှင် များကို အထောက်အကူပြုလျက်ရှိသည်။ မည်သို့ပင်ဆိုစေ ဗိုင်းရပ်စ် ဇာစ်မြစ်ခြေရာခံခြင်းသည် အချက်အလက်စုဆောင်းပြီး ကောက်ချက် ဆွဲနိုင်ရန်အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ မှန်ကန်သောအဖြေ ရှာဖွေနိုင်ရေးအတွက် သိမ်မွေ့နက်နဲသော လုပ်ငန်းများ စွာရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် အဖြစ်မှန်ပေါ်ပေါက် လာမည်ဖြစ်သည်။
အမှန်တော့ ဗိုင်းရပ်စ်တိုက်ဖျက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများ သည် ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည့်အပြင် သိပ္ပံဆိုင်ရာအသိပညာ ဗဟုသုတများလည်းလိုအပ်သည်။ သို့သော် အမေရိကန်အနေဖြင့် သိပ္ပံနည်းကျဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတရားကို ငြင်းဆန်နေမည်ဆိုလျှင် ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ လက်တွေ့ကျသောအဖြေကို ကောက်ချက်ချနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အမေရိကန်အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံပြီး လက်တွေ့ကျသော ရောဂါဇာစ်မြစ် ရှာဖွေခြင်းသည်သာလျှင် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာလျှင် မှန်ကန်သောအဖြေကိုရှာဖွေဖော်ထုတ် နိုင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ ကုသ၊ ထိန်းချုပ် သွားနိုင် မည်ဖြစ်သည်။ ။
- Log in to post comments