
ကြံခင်း အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ကြံခင်းမြို့ကြား ပြေးဆွဲသည့် ပုသိမ်မြို့မှ ကြံခင်းမြို့သို့ (၁၈၅)အဆန်နှင့် ကြံခင်းမြို့မှ ပုသိမ်မြို့သို့ (၁၈၆)အစုန် စာပို့ရထားကို အောက်တိုဘာ ၁၀ ရက် နံနက်မှစ၍ ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
အမှတ်(၉)တိုင်းနယ်မြေအတွင်း လက်ရှိလော်ကယ်ရထား ပြေးဆွဲ ရာမှ ရပ်နားထားသဖြင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်နှင့် ခရီးသွားပြည်သူများ သက်သောင့်သက်သာသွားလာနိုင်ရန် စာပို့ရထားပြေးဆွဲခြင်းကို မန်နေဂျာ(သွားလာရေး/တိုင်း) အမှတ်(၉) တိုင်း(ဟင်္သာတ)၏ ညွှန်ကြားချက်ဖြင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။
ထိုသို့ပြေးဆွဲရာတွင် (၁၈၅) အဆန် စာပို့ရထားသည် ပုသိမ်မြို့မှ နံနက် ၆ နာရီထွက်ကာ ဟင်္သာတသို့ မွန်းတည့် ၁၂ နာရီရောက်ပြီး ကြံခင်းမြို့သို့ ညနေ ၆ နာရီတွင် ရောက်ရှိကြောင်း၊ အလားတူ (၁၈၆)အစုန်စာပို့ရထားသည် ကြံခင်းမြို့မှနံနက် ၆ နာရီထွက်ရာ ဟင်္သာတမြို့ သို့ နံနက် ၁၁ နာရီ ၄၁ မိနစ်တွင်ရောက်ပြီး ပုသိမ်မြို့သို့ ညနေ ၆ နာရီ ၂၅ မိနစ်တွင်ရောက်မည်ဖြစ်ကြောင်း၊ စာပို့ရထားတွင် တွဲကြီးလေးတွဲ၊ တွဲလေး တစ်တွဲ၊ ပါဆယ် တစ်တွဲ၊ ဘရိတ်တစ်တွဲ တပ်ဆင်ပြေးဆွဲ မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ခရီးသည်များအား နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေးပိုစတာများ ကပ်ထားပေးခြင်း၊ ခရီးသည်တစ်ဦးလျှင် ထိုင်ခုံနှစ်ခုံ စီစဉ်ပေးခြင်းများလည်း ဆောင်ရွက်ထားရှိကြောင်း ကြံခင်းမြို့နယ်ရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)