နေပြည်တော် ဇူလိုင် ၂၇
အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက UNESCO ၏ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နေ သည့် အစီအစဉ်ဖြစ်သည့် ကမ္ဘာ့ ဘူမိဥယျာဉ် အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိနိုင်ငံ ပေါင်း ၄၆ နိုင်ငံတွင် ကမ္ဘာ့ဘူမိ ဥယျာဉ် ၁၇၇ ခု သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရ နိုင်ရေးအတွက် အလားအလာ ကောင်းများ ပိုင်ဆိုင်သည့် နေရာ အများအပြားရှိသည့် အနက် ပုပ္ပားတောင်ဒေသသည် ထူးခြား သော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် ရှေးဟောင်းသံချက်ဖို များ၊ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲ များနှင့် အစွယ် ၂ ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိ ကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိ ဥယျာဉ်အဖြစ် အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ် အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး သတ်မှတ်တည်ထောင်မည့် ပုပ္ပား တောင် အမျိုးသားဘူမိဥယျာဉ်ကို ဘူမိနယ်မြေ ၁၄ ခုဖြင့် ကနဦး တည်ထောင်ရန် လျာထားပါ ကြောင်း၊ ကွဲပြားခြားနားပြီး မတူညီသောစီမံခန့်ခွဲမှု အများ အပြား ပါဝင်သည့် သဘောသဘာဝ ရှိသောကြောင့် ဝန်ကြီးဌာန တစ်ခု တည်းဖြင့် ဆောင်ရွက်၍မရဘဲ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်း အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်း ရေးမှူးက ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ် တည်ထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မြန်မာ နိုင်ငံဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌက အလားအလာရှိ ဘူမိနယ်မြေ၊ ဘူမိဥယျာဉ်များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကော်မတီအဖွဲ့ ဝင်များက ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ် သတ်မှတ်တည် ထောင်နိုင်ရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက် တင်ပြဆွေးနွေး ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ကြသည်။
အစည်းအဝေးသို့ ဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



