
ပုဏ္ဏားကျွန်း ဧပြီ ၁၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြီးမှူး၍ ရခိုင်ရိုးရာ နံ့သာသွေး ပွဲတော်ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၌ စည်ကားသိုက်မြိုက် စွာ ကျင်းပသည်။
ဦးစွာ ရခိုင်ရိုးရာ နံ့သာသွေးပွဲတော်ကို ရက္ခိတရခိုင့် မင်္ဂလာစည်တော်များဖြင့် သံပြိုင်တီးခတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်စံဝင်းက ရခိုင် ရိုးရာ နံ့သာသွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲကို အသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ပါဝင်ဆင်နွှဲခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး နံ့သာသွေးအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)