
နေပြည်တော် အောက်တိုဘာ ၂၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၌ ကျင်းပသော ဦးစီးရုံးချုပ် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက် ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးသည် အရေးကြီး သော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လက်ရှိပစ္စုပ္ပန် တွင် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းပေးနိုင်ရန် သဘာဝပတ်ဝန်းကျင်၊ သယံဇာတအရင်းအမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေးသည် ဌာန၏ အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ပုံမှန်ထုတ်ပြန်ပေးသွားရန်လို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ စွန့်ပစ်ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်၍ ရလဒ် ကောင်းများရရှိအောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ ပတ်ဝန်းကျင်လေထု၊ ရေထုအရည်အသွေး ကိုသိရှိရန်နှင့် ပတ်ဝန်းကျင်အရည်အသွေး စံချိန် စံညွှန်းများရေးဆွဲနိုင်ရန်အတွက် အချက်အလက် များကို အဆက်မပြတ် တိုင်းတာရယူပြီး ရလဒ်များကို ပုံမှန်ထုတ်ပြန်ပေးသွားရန်လိုကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် အတည်ပြုထုတ်ပြန်ပြီးသည့် EIA/ IEE/ EMP အစီအမံများအပေါ် တိကျစွာ လိုက်နာဆောင် ရွက်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိလာသည့် ပလတ် စတစ်နှင့် စွန့်ပစ်အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းသည် ကုန်းတွင်းပိုင်းမှ ဝင်ရောက်နေခြင်းဖြစ်သည့်အတွက် ပလတ်စတစ်နှင့်အမှိုက်စွန့်ပစ်မှုကို စည်းကမ်းတကျ ဖြစ်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အာဆီယံ နိုင်ငံများတွင် ပွင့်လင်းရာသီများ၌ မီးနှင့်ပတ်သက်၍ ကြုံတွေ့ရသော နိုင်ငံအလိုက် Hotspot ဖြစ်ပွားမှု တွင် မြန်မာနိုင်ငံအနေဖြင့် Hotspot ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊ ဌာနရည်မှန်းချက်၊ တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်း များအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစပ် ဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ခံများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်