
နေပြည်တော် ဒီဇင်ဘာ ၂၁
ချင်းပြည်နယ်အတွင်း ပန်းသီးသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း များ အောင်မြင်လာစေရန် ပန်းသီးသီးနှံစိုက်ဧကများ တိုးမြှင့်စိုက်ပျိုး လာနိုင်ပြီး အရည်အသွေးကောင်းမွန်သည့် ဒေသထွက် ပန်းသီးများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပန်းသီးစိုက်တောင်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေပြီး ဒေသခံ တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် တီးတိန်နှင့် မင်းတပ် မြို့နယ်တို့တွင် သမဝါယမအသင်းများဖွဲ့စည်းကာ ပန်းသီးစိုက်ပျိုး ထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။
ပန်းသီးပင်သည် စတင်စိုက်ပျိုးသည်မှ ၅ နှစ်မြောက်တွင် အသီး စတင်ဆွတ်ခူးနိုင်ပြီး ၁၅ နှစ် အထိကောင်းစွာ အသီးများဆွတ်ခူးရရှိနိုင် သည်။ တစ်ပင်လျှင် တစ်နှစ်ပျှမ်းမျှ ၃ ပိဿာနှုန်းဖြင့် တစ်ဧက ၁၉၄ ပင် စိုက်ပျိုးမှုတွင် ၅၈၂ ပိဿာ ထွက်ရှိသည်။ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပါက ငွေကျပ် ၁၁ ဒသမ ၆၄ သိန်း ရရှိပြီး အချိုးကျတွက်ချက်မှုအရ ကုန်ကျစရိတ် ငွေကျပ် ငါးသိန်းဖြစ်သဖြင့် တစ်ဧက နှစ်စဉ်အမြတ် ငွေကျပ် ၆ ဒသမ ၆၄ သိန်း ရရှိမည်ဖြစ်သည်။
တောင်သူတစ်ဦးအနေဖြင့် ပန်းသီး သုံးဧက စိုက်ပျိုးနိုင်ပါက တစ်နှစ် ဝင်ငွေကျပ်သိန်း ၂၀ ရရှိမည်ဖြစ်သည်။ ပန်းသီးမှ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပန်းသီးဝိုင် ထုတ်လုပ်နိုင်ပါက တစ်ပုလင်း ထုတ်လုပ်မှု အကျိုးအမြတ် ငွေကျပ် ၇၆၀ ရရှိပြီး ပုလင်း ၁၀၀၀ ထုတ်လုပ်နိုင်ပါက ငွေကျပ် ၇ ဒသမ ၆ သိန်း အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ချင်းပြည်နယ်ရှိ တီးတိန်၊ ဖလမ်းနှင့် မင်းတပ်မြို့နယ်တို့တွင် ပန်းသီး သီးနှံ ၂၉၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်