ပြည်တွင်းရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာစိစစ်ခွင့်ပြုချက်ရယူပြသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်   စက်တင်ဘာ ၂၇


မြန်မာအသံနှင့်   ရုပ်မြင်သံကြားနှင့်   ဆက်စပ်ပြီး ရုပ်မြင်သံကြား   ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊  ဇာတ်လမ်းတွဲများအား   ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက် ရယူပြီးမှ  ပြသရေး  ညှိနှိုင်းအစည်း အဝေးကို   ယမန်နေ့    မွန်းလွဲပိုင်းက    ရန်ကုန်မြို့  ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌ ကျင်းပသည်။

 


ဆင်ဆာခွင့်ပြုချက်ရပြီးမှ ပြသ


အစည်းအဝေးတွင်    ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြား ရာ၌ ရုပ်သံထုတ်လွှင့်မှုတွင် နိုင်ငံပိုင်မီဒီယာများအပြင် ပုဂ္ဂလိက  မီဒီယာများကလည်း  ရုပ်သံထုတ်လွှင့်မှုဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာ့ရုပ်မြင်သံကြား နှင့်  ပူးပေါင်းဆောင်ရွက်နေသည့်  ရုပ်မြင်သံကြား ထုတ်လွှင့်နေသူများအနေဖြင့်  ရုပ်ရှင်ဇာတ်ကားကြီး များနှင့် ဗီဒီယိုဇာတ်ကားကြီးများကို ဆင်ဆာခွင့်ပြု ချက်ရပြီးမှ ပြသလျက်ရှိကြသော်လည်း ပြည်တွင်း ပြည်ပ ဇာတ်လမ်းတွဲများနှင့် နိုင်ငံခြားဇာတ်လမ်းတွဲ များကို   မြန်မာစာတန်းထိုး၊   မြန်မာစကားပြော အသံထပ်၍ ပြသခြင်းတို့ကိုမူ ဆင်ဆာစိစစ်ရေး အဖွဲ့ သို့ မတင်ဘဲ မိမိတို့ကိုယ်တိုင် စိစစ်တာဝန်ယူမှုဖြင့် ပြသလျက်ရှိကြောင်း။

 


ညှိနှိုင်းဆောင်ရွက်


ယခုအခါ ၎င်းဇာတ်လမ်းတွဲများ၏ ဇာတ်လမ်း နှင့် ပါဝင်သော စကားပြောများနှင့် ဇာတ်လမ်းတွဲ များမှာ လက်ရှိအခြေအနေအရ  မပြသင့်သည်များ ပါနေသည်ကို တွေ့လာရကြောင်း၊ ထို့ကြောင့် ယခုမှ စတင်၍ ဇာတ်လမ်းတွဲများကိုပါ ဆင်ဆာခွင့်ပြုချက် ရယူပြီးမှ  ပြသရန်လိုကြောင်း၊  နေပြည်တော်တွင် သက်ဆိုင်ရာကုမ္ပဏီများမှ   အကြီးအကဲများနှင့် ရှင်းလင်းဆွေးနွေးပြီးဖြစ်၍  ယခုလက်တွေ့လုပ်ကိုင် နေသည့် ရုပ်သံလွှင့်တာဝန်ခံ ဝန်ထမ်းများနှင့် ရုပ်ရှင် နှင့်   ဗီဒီယိုဆင်ဆာအဖွဲ့တို့တွေ့ဆုံ၍    ညှိနှိုင်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

 


ပေါင်းစပ်ညှိနှိုင်းဆွေးနွေး


ထို့နောက်  တက်ရောက်လာကြသည့် ရုပ်သံလွှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့တို့က ဆက်လက်ဆောင်ရွက်ကြမည့် အစီအစဉ်၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။

 


ယင်းနောက် ဒုတိယဝန်ကြီးက ညှိနှိုင်းဆုံးဖြတ် ထားသည့်အတိုင်း အမြန်ဆောင်ရွက်ရန်နှင့်  လက်ရှိ ပြသဆဲ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ၊ ဇာတ်လမ်း တိုများကိုလည်း မပြသမီ သေချာစိစစ်ပြီး နိုင်ငံရေး၊ ဘာသာရေး၊  ယဉ်ကျေးမှုနှင့်  အမျိုးသားစည်းလုံး ညီညွတ်မှုကို ထိခိုက်စေသည့် အပြောအဆို၊ စာသား များ၊ ကာမရာဂကို နှိုးဆွသည့် အကြောင်းအရာများ မပါရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ပေး ကြရန် တိုက်တွန်းမှာကြားခဲ့သည်။        

 

သတင်းစဉ်