
နေပြည်တော် နိုဝင်ဘာ ၁၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် စနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဌာန တာဝန်ခံများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ တာဝန်ခံများက Online မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ရာတွင် ကိုဗစ်−၁၉ ရောဂါ စည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း၊ ရုံးခွဲတာဝန်ခံများအနေဖြင့် ပြည်တွင်းခရီးစဉ်ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ခရီးသွား နှင့် ဆက်စပ်လုပ်ငန်း (၇) မျိုးစလုံး ဟန်ချက်ညီစွာ တိုးတက်အောင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ၏ ဦးဆောင်မှုဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း။
ပြည်တွင်းမှသည် ပြည်ပခရီးသည်များ ဝင်ရောက် လာမှုကို ကြိုတင်မြော်တွေးကြံဆ ပြင်ဆင်ထားကြရန် နှင့် ခရီးစဉ်ဒေသများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများက ခရီးစဉ်ဒေသ များသို့ ဧည့်သည်ဝင်ရောက်မှု အခြေအနေ၊ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမှု အခြေ အနေ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ လုပ်ကိုင်နေသူ များ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေ အနေနှင့် Safe Services ပေးနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ သုခစိုးဟိုတယ်၌ နေပြည်တော်ကောင်စီဝင်(၂)၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဝင်များ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခို ရိပ်သာလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင် များ၊ တာဝန်ခံများနှင့် ပွင့်လင်းရာသီ ပြည်တွင်းခရီး သွားလုပ်ငန်းများ စတင်ရာတွင် စနစ်တကျဆောင် ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နေပြည် တော်အား ဆွဲဆောင်မှုရှိပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ချင်စရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးကို အခြေခံသော ခရီးသွား လုပ်ငန်းများကို အကောင်အထည်ဖော်သွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် Health and Safety Protocol (HSP) နှင့်အညီ ဖွင့်လှစ်ရေးနှင့် အသိအမှတ်ပြုလက်မှတ်များ ရယူရေးကို ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခို ရိပ်သာများ ကိုဗစ်−၁၉ စည်းမျဉ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နေမှုအခြေအနေ၊ ကာကွယ်ဆေး ထိုးနှံထားရှိမှုအခြေအနေနှင့် ခရီးစဉ်ဒေသများ ဖော်ထုတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်