ပြည်တွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံစိုက်ဧကနှင့် အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်ကြရမည်

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀
ပြည်တွင်းစားသုံးဆီ    ထုတ်လုပ်မှုကဏ္ဍ    ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   ညှိနှိုင်းဆွေးနွေးပွဲကို  ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ် ဖြင့် ကျင်းပသည်။ 
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက   ပြည်တွင်း၌   စားသုံးဆီထုတ်လုပ် နိုင်မှုပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ကိုးသိန်းကျော် တင်သွင်းနေရပါကြောင်း၊ ပြည်တွင်း စားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းများအတွက်    စုစုပေါင်း   သုံးစွဲမှုတန်ချိန် ၁၁ သိန်းခန့်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက် လာစေရေး၊ ပြည်တွင်း၌ထုတ်လုပ်သည့် စားသုံးဆီ များ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း   ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို  အကန့် အသတ်ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေး မူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး
စားသုံးမှုပုံစံကို   ပြောင်းလဲရာတွင်  စားသုံးသူ အကာအကွယ်ပေးရေးအစီအစဉ်များ၊   စားသုံးသူ အသိပညာပေးအစီအစဉ်များကို       ဦးစားပေး ဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် စားသုံးဆီ များ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုး လာစေရန် တောင်သူများကို အထွက်နှုန်းကောင်း သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး     ကွင်းဆင်းအသိပညာပေးခြင်း၊ နည်းပညာများပံ့ပိုးပေးခြင်း     စသည့်လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်သလို ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအနေ ဖြင့်လည်း စိုက်ပျိုးထုတ်လုပ်သည့်  တောင်သူများ နှင့်    အကျိုးတူကန်ထရိုက်လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန်    လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ် ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
နိုင်ငံခြားဝင်ငွေရရှိလာနိုင်
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဆီထွက် သီးနှံများကို      တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင် ပါက နိုင်ငံခြားဝင်ငွေရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌     စားသုံးဆီ    လစဉ်ပျမ်းမျှတန်ချိန် ၁၈၀၀၀ ကျော်  ကြိတ်ခွဲထုတ်လုပ်နိုင်သော်လည်း အချို့စက်များမှာ ရပ်နားထားခြင်း၊ ကုန်ကြမ်းရရှိမှု နည်းပါးသဖြင့် စက်စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့်     အရည်အသွေးမီ    ဆီစက်များဖြစ်စေရေးနှင့် ဆီစက်လုပ်ငန်းများ အဓွန့်ရှည်ရေးအတွက် ပံ့ပိုး ကူညီနိုင်ရေး     ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်   ဆီစက်များ    စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဆိုပါက        အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာမည် ဖြစ်သည့်အပြင် ဆီထွက် သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ပြည့်မီအောင်     ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှု   လျှော့ချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင် ရာ   ဌာနအသီးသီးမှ   ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်      ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတို့မှ  ဥက္ကဋ္ဌ များ၊   အတွင်းရေးမှူးများက   ပြည်ပမှ  စားသုံးဆီ တင်သွင်းမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေနှင့်    ဆီထွက်သီးနှံများကို ပြည်ပတင်ပို့မှု၊   ပြည်တွင်းစားသုံးဆီ  ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များ အား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက   လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     သတင်းစဉ်