ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ရဲနွယ်ရေလှောင်တမံ ကြံ့ခိုင်ရေးနှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၁     
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ ကျောင်းစုလျှပ်စစ်မြစ်ရေတင် စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေချွေတာရေးနှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက်    ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊   သီးနှံပုံစံများဖြန့်ဝေပေးရန်၊   တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် လိုအပ်သည့်နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေးအစီအမံများကို ထိရောက် စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
စိုက်ပျိုးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သဘာဝ ရေအရင်းအမြစ်များကို စရိတ်သက်သာစွာ ရေရှည် အသုံးပြုနိုင်ရေးအတွက်    အသုံးပြုလျက်ရှိနေသည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို       ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်လျက် ရှိရာ   လက်ရှိဘဏ္ဍာရေးနှစ်အတွင်း  မြစ်ရေတင် စီမံကိန်း ခုနစ်ခု၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးရှိ ကျောင်းစုလျှပ်စစ် မြစ်ရေတင်စီမံကိန်း၊ မကွေးတိုင်းဒေသကြီးရှိ ကမ်းနီ နှင့်  ကံမလေးလျှပ်စစ်မြစ်ရေတင်  စီမံကိန်းများ၌ ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ      လက်ပံခြေပေါ်နှင့် ငါ့သရောက်၊   စစ်ကိုင်းတိုင်းဒေသကြီးရှိ  ပျော့ရွာ အပိုင်း-၂(PS-II) ၊ အပိုင်း-၃(PS-III) နှင့် ကတ-၉၂ တို့မှာ ဖေဖော်ဝါရီလတွင် လုပ်ငန်းများပြီးစီးမည်ဖြစ် ကြောင်း၊ ကျန်မြစ်ရေတင်စီမံကိန်းများတွင်လည်း ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေးကို ဘဏ္ဍာ ရေးနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက် ထားသော ရဲနွယ်ရေလှောင်တမံ၏ ကြံ့ခိုင်ရေးနှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။ (အပေါ်ပုံ)
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ သွားရောက်ကြ ပြီး   ဝမ်ပုံဆိပ်ကမ်းဒေသဖွံ့ဖြိုးရေးနှင့်  မြေနေရာ ရရှိနိုင်မှုအခြေအနေ၊ အိမ်နီးချင်းနိုင်ငံမှ စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ထွက်ကုန်များ ဝင်ထွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရေး၊ သီးနှံဆိုင်ရာ ပိုးမွှားရောဂါနှင့် တိရစ္ဆာန်ကူးစက်ရောဂါများတားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။                     သတင်းစဉ်