
နေပြည်တော် ဧပြီ ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့အနီး ရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည်များရှိ၍ ယခုတွင် တည်ဆောက် ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ် ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ထုတ်လုပ်နိုင်ရန်အတွက် ရောက်ရန်ကျန် စက်ပစ္စည်းများကိုလည်း အမြန်ဆုံး ရောက်ရှိအောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်နှင့် ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရာတွင် လည်း သတ်မှတ်အရည်အသွေးပြည့်မီစေရန်နှင့် အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်း တင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ သတ်မှတ် ထားရှိသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေရောင် ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ် သုံး(Solar+Gas Engine Hybrid) စက်ရုံမှ သတ်မှတ် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ Engine Foundation လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များ ရောက်ရှိနေမှု၊ Construction Power တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး မှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စီမံကိန်းအဝင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင် ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ် သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေး စက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေး မြို့နယ် သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ဧက ၄၉၀ ပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင် အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ကာ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွား မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်း ဒေသကြီးအတွင်း အသေးစား ရေအားအရင်းအမြစ် များရှိ၍ စူးစမ်းလိုသည်များ ရှိပါကလည်း ဝန်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် စက်မှုဇုန်များအပါအဝင် ပုဂ္ဂလိကလုပ်ငန်း ရှင်များအနေဖြင့် Roof-Top Solar များ ပြုလုပ်၍ အသုံးမပြုသောအချိန်များတွင် ပြန်လည်၍ရောင်းချ နိုင်ပါကြောင်း၊ ဆောင်ရွက်ရန် နည်းပညာအရ လိုအပ် သည်များရှိပါကလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးရန် အသင့်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထပ်မံထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကိုလည်း လုံခြုံရေးအား အလေးထား၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး ဝန်ကြီးများ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ က တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခကြွေးကျန် များ တိုးတက်ရရှိစေရေး၊ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် ပတ်သက် ၍အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်