နေပြည်တော် ဇူလိုင် ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်အတူ ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ ဘောလုံး (အမျိုးသား/အမျိုးသမီး) အားကစား သမားများ၏ လေ့ကျင့်နေမှုများကို လည်းကောင်း၊ Training Hall (2) ၌ လက်ဝှေ့အားကစားသမားများနှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ Training Hall (3) ၌ ဂျူဒိုအားကစား သမားများ၊ ကရာတေးဒိုအားကစားသမားများနှင့် တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေ မှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးပြီး နည်းပြဆရာများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ စားရိပ်သာတွင် (Youth Camp) မှ အားကစားသမားများ၏ နေ့လယ်စာစားသုံးနေ မှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမား များအား အာဟာရနှင့် ညီညွတ်မျှတစွာ ချက်ပြုတ် ကျွေးမွေးရန်နှင့် နေထိုင်သွားလာစားသောက်မှုများတွင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန် ရည်ရွယ်၍ နေပြည်တော်၌ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ကို ဖွင့်လှစ်၍ ပြေးခုန်ပစ်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းများတွင် အုပ်ချုပ်/နည်းပြ ၄၀ ၊ အားကစားသမား ၂၀၉ ဦး စုစုပေါင်း ၂၄၉ ဦးတို့ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစ၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်



