ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  စက်တင်ဘာ  ၁၅


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar  နှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၁၀ နာရီ က ရန်ကုန်မြို့ရှိ  အိန္ဒိယစင်တာ၌ကျင်းပသည့် အိန္ဒိယ-မြန်မာကုန်သည် များအသင်းမှလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထား သည့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ သို့ တက်ရောက်သည်။
နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက  အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်     အိမ်နီးချင်းနိုင်ငံဖြစ်သည်နှင့်အညီ ရှေးယခင်ကပင်  နှစ်နိုင်ငံမိတ်ဝတ်မပျက်  ချစ်ကြည်ရင်းနှီးစွာ  နေထိုင်ခဲ့ ကြပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းသို့  အိန္ဒိယနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားများကို  ဥပဒေနှင့်အညီ ဝင်ရောက်နိုင်ရေးအတွက်လည်း ဗီဇာလျှောက်ထားရယူမှုပုံစံသုံးမျိုးဖြင့်   ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊  ပြီးခဲ့သည့်  ဩဂုတ် ၃၁ ရက်မှစ၍   အိန္ဒိယနိုင်ငံနှင့် တရုတ် နိုင်ငံတို့မှ ကမ္ဘာလှည့်ခရီးသွားများအတွက်  ဆိုက်ရောက်ဗီဇာ (VOA) ကို   ခွင့်ပြုဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊   အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကဏ္ဍအသီးသီး၌ လာရောက်ရင်းနှီးမြှုပ်နှံမှုများ များစွာ ရှိသည်နှင့်အညီ    လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့် ဆိုင်ရာကိစ္စရပ်များ၊   လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ   လုပ်ငန်းများနှင့် ပတ်သက်၍   မိမိတို့ဝန်ကြီးဌာနအနေဖြင့်   လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်ပြေစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနွယ်ဖွား မြန်မာ နိုင်ငံသားများကိုလည်း  ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ    အပြန်အလှန်ကူးလူးဆက်နွှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး  နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ် ရေးလုပ်ငန်းများကိုလည်း   ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍  သိရှိလိုသည်များ၊ တွေ့ကြုံရသည့် အခက်အခဲများရှိပါက  ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြစေလိုပါ ကြောင်း ရှင်းလင်းပြောကြားသည်။ 
ထို့နောက်  မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံ    သံအမတ်ကြီး Mr.Vinay Kumar က အိန္ဒိယ - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု  အခြေအနေများနှင့်   အိန္ဒိယ - မြန်မာ    ကုန်သည်များအသင်းဥက္ကဋ္ဌ Mr.Nasesh Kumes Dinodiya က အိန္ဒိယ-မြန်မာ ကုန်သည်များအသင်း ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်  ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားကြသည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်
ယင်းနောက် အိန္ဒိယ - မြန်မာကုန်သည်များအသင်းဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ၊ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များက ကဏ္ဍပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ခွင့်ပြုဆောင် ရွက်မှု၊ Form-C နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊  မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်မည့်  အိန္ဒိယနိုင်ငံသားများအတွက် ပြည်ဝင် ဗီဇာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး က ပြန်လည်ရှင်းလင်းဖြေကြားပြီး အီလစ်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးမင်းဟိန်းက  e-ID  စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို   ရှင်းလင်း ပြောကြားသည်။ 
ထို့နောက် အိန္ဒိယ - မြန်မာကုန်သည်များအသင်းဥက္ကဋ္ဌနှင့် အသင်း ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကိုအမှတ်တရလက်ဆောင်ပေးအပ်ပြီး   အိန္ဒိယ - မြန်မာကုန်သည်များ အသင်းကော်မတီဝင် Dr.Sital Kumar က  နိဂုံးချုပ်စကားပြောကြား ခဲ့ကြောင်း သိရသည်။                 

သတင်းစဉ်