ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် Audiovisual Week ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

ကူမင်း  ဩဂုတ်  ၁၇


တရုတ်နိုင်ငံ   အမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားဌာန  (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့်  တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့  ပူးပေါင်းပြုလုပ်သည့်  4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ(၁)၌ ဩဂုတ် ၁၆  ရက် ညပိုင်းတွင် ကျင်းပသည်။


အခမ်းအနားသို့   တောင်နှင့်  တောင်အာရှနိုင်ငံများနှင့်အတူ မဲခေါင် ဒေသနိုင်ငံများမှ  ပြန်ကြားရေးဝန်ကြီးများနှင့်   ဒုတိယဝန်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊  လန်ချန်း-မဲခေါင်နိုင်ငံများနှင့် သီရိလင်္ကာနိုင်ငံ တို့မှ မီဒီယာများနှင့် ပင်မမီဒီယာများမှ ကိုယ်စားလှယ်များ ၊ တရုတ်နိုင်ငံ ၏ NRTA မှ တာဝန်ရှိသူကိုယ်စားလှယ်များ၊ အိမ်နီးချင်းပြည်နယ်များ၏ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများမှ ကိုယ်စားလှယ်များ၊ ရေဒီယို၊ ရုပ်ရှင် နှင့်  ရုပ်မြင်သံကြားဌာနများမှ သတင်းဗျူရိုများ၊ Jiangsu ပြည်နယ်၊ Fujian     ပြည်နယ်၊  Guangdong  ပြည်နယ်၊  Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Hainan ပြည်နယ် စသည်တို့မှ ကိုယ်စားလှယ် များ၊ CPC ယူနန်ပြည်နယ်ကော်မတီနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဖွင့်ပွဲအခမ်းအနားကို အဖွင့်အမှာစကားပြောကြားခြင်းနှင့် အနုပညာ ဖြင့်   ဖျော်ဖြေခြင်းအပိုင်းနှစ်ပိုင်းဖြင့်   ဆောင်ရွက်ခဲ့ရာ   တောင်နှင့် တောင်အာရှနိုင်ငံများမှ မီဒီယာဌာနများနှင့် ပင်မမီဒီယာနယ်ပယ်မှ  တာဝန် ရှိသူ ကိုယ်စားလှယ်များက နှုတ်ခွန်ဆက်စကားများ ပြောကြားကြသည်။


အခမ်းအနားတွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန(The National Radio and Television Administration of China-NRTA)  ဒုတိယဝန်ကြီး Mr. Yang Guorui ၊  ကမ္ဘောဒီးယားနိုင်ငံ  ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး Dr. Khieu Kanharith ၊ ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး Ms. Yang Yang ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း  (အပေါ်ယာပုံ)၊ လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Phosy Keomanyvong တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြား ရာတွင်   အမှန်တကယ်   ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မီဒီယာကဏ္ဍမှ  အသိပညာများ၊   သတင်းအချက်အလက်များ ပေးပို့နိုင် မှုသည်   လွန်စွာအရေးကြီးလှပါကြောင်း၊ ထို့ကြောင့်  မဲခေါင်-လန်ချန်း နိုင်ငံများ၏   မီဒီယာများအကြား  အပြန်အလှန်ဆက်သွယ် ချိတ်ဆက် ရေး၊  သင်ယူလေ့လာရေး၊   လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုအားကောင်းလာစေရန်အတွက် “မီဒီယာပေါင်းစည်းမှု” ကိစ္စရပ်များ ကို ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊  ထိုမှ တစ်ဆင့် မဲခေါင်-လန်ချန်းနိုင်ငံများရှိ    ပြည်သူများအချင်းချင်းအကြား ရင်းနှီးဆက်နွှယ်မှုများ၊    ပိုပြီးနီးကပ်သည့်  ထိတွေ့ဆက်ဆံမှုများနှင့် အတူ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ ထူထောင်နိုင်မည် ဖြစ်ပါကြောင်း။


ယခုလို လုပ်ဆောင်မှုသည် ယခုနှစ်စတုတ္ထအကြိမ်ကျင်းပသော   Audiovisual Week ၏ ဆောင်ပုဒ်ဖြစ်သည့်  “မဲခေါင်-လန်ချန်း ရုပ်/သံ မီဒီယာ  အတူလက်တွဲပူးပေါင်းဆောင်ရွက်မှုမှသည်  ရွှေရောင်အခန်း ကဏ္ဍဆီသို့” (Enjoy Lancang-Mekong Audiovisual Extravaganza and Co-Compose the Golden Chapter) ရည်မှန်းချက်ကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။


မိမိတို့မြန်မာနိုင်ငံအစိုးရ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ  အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့်အညီ စီမံပြီး နိုင်ငံတော်၏  တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေရင်း  မိမိတို့ ပြည်သူများ မျှော်မှန်းသည့် ၊ မိမိတို့တိုင်းရင်းသားများ လိုလား သည့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉ )ရပ်တို့ကို ချမှတ်ပြီး လုပ်ဆောင်လျက် ရှိပါ ကြောင်း။


ဤရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် ထိထိရောက်ရောက် အထောက်အကူပြုနိုင်သော   အချက်များထဲတွင်  အရေးကြီးသော အရာတစ်ခုမှာ   မီဒီယာကဏ္ဍပင်ဖြစ်ပါကြောင်း၊   ထို့ကြောင့်လည်း မြန်မာနိုင်ငံအနေဖြင့်  မီဒီယာကဏ္ဍကို အစဉ်တစိုက်  မြှင့်တင်ဆောင် ရွက်လျက်ရှိသည်ကို  အသိပေးပြောကြားလိုပါကြောင်း။


မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကဏ္ဍစုံပေါင်းစည်းဆောင်ရွက် ကြရာတွင် သတင်းနှင့်   မီဒီယာအခန်းကဏ္ဍကိုလည်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာ စံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့လာနိုင်ခွင့်၊ အသုံးချနိုင်ခွင့်၊ ဖလှယ် နိုင်ခွင့်ရရှိစေရန် အတူပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ   ဒေသတွင်းနိုင်ငံအချင်းချင်း သတင်းဖလှယ်မှုများ၊ မီဒီယာများ အကြား ကူးလူးဆက်ဆံမှုများ  ပိုမိုတိုးတက်လာမည့်အပြင် အဖွဲ့ဝင် နိုင်ငံများ၏  ပြည်သူများအတွက် သတင်းမှန်များ သိရှိနိုင်မှုအခွင့်အလမ်း များလည်း ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။  


ထို့နောက် အစီအစဉ်အရ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင် သံကြားဌာန (NRTA) နှင့် သီရိလင်္ကာသမ္မတနိုင်ငံတို့အကြား China Television Theater ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်ကို ချုပ်ဆိုပြီး အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် Mekong Look App စတင်ခြင်း   အခမ်းအနားကို စတင်ဖွင့်လှစ်သည်။


Mekong Look App ကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်ဘာသာ စကားနှင့်အသုံးပြုကာ အွန်လိုင်းရုပ်သံ အစီအစဉ် ထုတ်လွှင့်နိုင်ရေး အတွက်  ယူနန်မီဒီယာအုပ်စု (Yunnan Media Group) က  တည်ထောင် ထားခြင်းဖြစ်သည့် ယခု ၂၀၂၃  ခုနှစ် ဩဂုတ်လကုန်ထိ ယင်း App ကို တရုတ်၊   ကမ္ဘောဒီးယားနှင့်  ထိုင်းဘာသာစကားတို့ဖြင့်  စမ်းသပ် ထုတ်လွှင့်လျက်ရှိပြီး ၂၀၂၅ ခုနှစ်ကုန်တွင်  လာအို၊ မြန်မာနှင့် ဗီယက်နမ် ဘာသာစကားတို့ဖြင့် ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့်လည်း မဲခေါင်-လန်ချန်းအဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အဖွဲ့ဝင်နိုင်ငံများအကြား  ဆက်သွယ်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုမြှင့်တင်ပေးနိုင်မည့် နည်းလမ်း တစ်ခုဖြစ်သည့်အတွက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီး နားလည်မှု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။


အခမ်းအနားကို   မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်နေမှု အစီအစဉ်များ၊   ယခင်ကျင်းပခဲ့မှုများ၊   တိုးတက်ဖြစ်ထွန်းလာသည့် အစီအစဉ်နှင့် အကြောင်းအရာများကို ဗီဒီယိုမှတ်တမ်းများဖြင့် ပြသပြီး ဒေသတွင်းနိုင်ငံများ၏ နည်းပညာများဖြင့်  တင်ဆက်ပြသခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားမစတင်မီ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာဝန်ကြီး၊  ဒုတိယဝန်ကြီးများ၊  ကောင်စစ်ဝန်များ၊ ရုပ်သံလွှင့်ဌာနအကြီးအကဲများ သီးခြားတွေ့ဆုံပြီး  ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသူများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ NRTA ၏ ဒုတိယဝန်ကြီးနှင့်  ယူနန်ပြည်နယ်  ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


မွန်းလွဲပိုင်းက  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ယူနန်မြို့ရှိ ထင်ရှား သော Yunnan Famous Tea Museum သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။                    

သတင်းစဉ်