ရန်ကုန် ဇွန် ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်တော်၌ ထေရ ဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော် ကြီးများအား ဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ (ယာပုံ)
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယ အဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တကုမာရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည် ကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထေရဝါဒဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ သုစိတ္တထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နှင့် သနန္တနဓမ္မပါလကအဖွဲ့ချုပ်တို့မှ နာယက၊ ဒုတိယ ဥက္ကဋ္ဌ၊ ယာယီအမှုဆောင်များနှင့်တွေ့ဆုံသည်။
ကူညီစောင့်ရှောက်ပေးသွားမည်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် (ယာယီ)၏ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီ အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၃ နှင့်အညီ နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
စေတီတော်မြတ်ကြီးအား ဖူးမြော်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ နှင့်တွေ့ဆုံပြီး စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း (YMBA) အသင်းရုံး၌ အမှုဆောင်အဖွဲ့နှင့်တွေ့ဆုံပြီး အသင်းကြီး၏ ယဉ်ကျေး လိမ္မာသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာ ရေး ဆောင်ရွက်ချက်များသည် အရေးကြီးကြောင်း ပြောကြားသည်။
လိုအပ်သည်များကိုမှာကြား
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေ များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



