ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

ရန်ကုန်   ဩဂုတ်  ၂၆


သာသနာရေးနှင့်           ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုနှင့်  တာဝန်ရှိသူများ သည် ယနေ့မွန်းလွဲ ၁ နာရီတွင်  အမျိုးသားပြတိုက် (ရန်ကုန်)   ဘက်စုံခန်းမ၌    အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက ပြတိုက်၏ လုပ်ငန်းအဆင့်မြှင့်တင်ရန်နှင့်   ပြတိုက်တွင် တာဝန် ထမ်းဆောင်နေသော      ပြတိုက်ဝန်ထမ်းများကို လူ့စွမ်းအားမြှင့်တင်ပေးရန်အတွက်  လာရောက်ခြင်း ဖြစ်ပါကြောင်း၊  ခေတ်မီခင်းကျင်းပြသရေးအတွက် နည်းပညာ အထောက်အကူလိုအပ်ပါကြောင်း၊ အချို့ ပြကွက်များကို  ပြည်တွင်းပညာရှင်များ၏  တီထွင် ဆန်းသစ်မှုဖြင့်  ပြသထားသည်ကို  တွေ့ရကြောင်း၊ လူ့စွမ်းအားမြှင့်တင်ရေးနှင့်ပတ်သက်၍  အမျိုးသား ပြတိုက် (ရန်ကုန်)တွင် ဒီပလိုမာသင်တန်း (၁၈)ကြိမ် ဖွင့်လှစ်ခဲ့ရာ    စစ်ဘက်နယ်ဘက်   သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း၊ ဒီပလိုမာရပြီးသူ ၃၀၀ကျော် ရှိကြောင်း၊   ၎င်းတို့   မဟာသင်တန်း  ဆက်လက် တက်ရောက်ရေးအတွက် မြန်မာနိုင်ငံတွင် ပြတိုက် ပညာသင်ပေးသော တက္ကသိုလ်မရှိသဖြင့် လမ်းပိတ် နေကြောင်း၊  တစ်ချိန်က  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင်  ပြတိုက်ပညာဌာနဖွင့်လှစ် ရန်  ပညာရေးဝန်ကြီးဌာနနှင့်  ညှိနှိုင်းခဲ့ဖူးသည်ဟုသိရှိရကြောင်းနှင့် ဤကိစ္စကို ပြန်လည်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်  အမျိုးသားပြတိုက်  (ရန်ကုန်) ညွှန်ကြားရေးမှူးက    ယခင်ဆောင်ရွက်ခဲ့ပုံများ၊ အခက်အခဲများကို   တင်ပြသည်။   ပြည်‌ထောင်စု ဝန်ကြီးက တင်ပြချက်များကို  ပြန်လည်ဆွေးနွေး၍ ဆက်လက်လုပ်ဆောင်ရမည့်   လုပ်ငန်းစဉ်များကို မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်