ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director ဖြစ်သူ Mr. Newin Sinsiri ဦးဆောင်သောအဖွဲ့နှင့် Virtual အစီအစဉ်ဖြင့် တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၂၂

 

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director ဖြစ်သူ Mr. Newin Sinsiri ဦးဆောင် သောအဖွဲ့နှင့် ယနေ့မွန်းလွဲ ၃ နာရီတွင် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် Mr. Newin Sinsiri နှင့် အာရှဖွံ့ဖြိုး ရေးဘဏ်မှ ပညာရှင်များက လက်ရှိမြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေအပေါ် သုံးသပ်ချက်၊ အာရှဖွံ့ဖြိုး ရေးဘဏ်အနေဖြင့် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို လုံခြုံစိတ်ချစွာနှင့် ထိရောက်စွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးအထိရှိသော Asia Pacific Vaccine Access Facility (APVAX) ထူထောင်မည့်အစီအစဉ်၊ APVAX အောက်မှ အဖွဲ့ဝင်နိုင်ငံများသို့ Rapid Response Component (RRC) နှင့် Project Investment Component (PIC) တို့ဖြင့် ကာကွယ်ဆေးဝယ်ယူရရှိရေးတွင် ပံ့ပိုးပေးသွားမည့်ကိစ္စ၊ APVAX နှင့်စပ်လျဉ်း၍ ချေးငွေဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

တင်ပြဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူ ရရှိရေးနှင့် ဖြန့်ဝေရေးတို့အတွက် နိုင်ငံတကာအဖွဲ့အစည်း များဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများရရှိရေး ဆွေးနွေးမှုများ ပြုလုပ်နေပါကြောင်း၊ ADB မှ ဖွံ့ဖြိုးဆဲ အဖွဲ့ဝင်နိုင်ငံများသို့ ကာကွယ်ဆေးအမြန်ရရှိရေးနှင့် ညီမျှစွာပံ့ပိုးပေးနိုင်ရေး အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ Asia Pacific Vaccine Access Facility (APVAX) ဖြင့် ပံ့ပိုးပေးမည့်အစီအစဉ်ကို ကြိုဆိုပါကြောင်း၊ APVAX တွင်ပါရှိသည့် Rapid Response Component (RRC) နှင့် Project Investment Component (PIC) အစီအစဉ်တို့အရ မြန်မာနိုင်ငံမှ ကာကွယ်ဆေး ရရှိနိုင်မည့်အခြေအနေများ၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း ၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် APVAX ပါ စည်းကမ်းချက်များနှင့် အညီ ချေးငွေများရယူနိုင်ရန် ဆက်လက်ဆွေးနွေးလိုပါ ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်